နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အီရန်နဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘော သုံးစီးကို အိန္ဒိယက အခုလအတွင်း ဖမ်းဆီးထားပြီး တရားမဝင် ကုန်သွယ်မှု တားဆီးရေး သူတို့ရဲ့ ရေပြင်ကို စောင့်ကြည့်ထောက်လှမ်းမှု အရှိန်မြှင့်ထားကြောင်း သတင်းရင်းမြစ် တစ်ခုက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒီလိုဖမ်းဆီးမှုနဲ့ အိန္ဒိယ အရာရှိတွေက ဖေဖော်ဝါရီ လဆန်ပိုင်းက လူမှုမီဒီယာပေါ်မှာ အတည်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။
ရေနံတင်ပို့မှု မူလနေရာကို တားဆီးရေး အိန္ဒိယက သူတို့ရဲ့ ရေပြင်ပိုင်နက်မှာ သင်္ဘောချင်း လွှဲပြောင်းပေးမှု မပြုလုပ်နိုင်ရေး ကာကွယ်ဖို့ ရည်ရွယ်ဆောင်ရွက်နေကြောင်း အဲဒီ ကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေး တိုးတက်လာပြီးနောက်မှာ အဲဒီ သင်္ဘော သုံးစီး ဖမ်းဆီးမှုနဲ့ စောင့်ကြည့်ထောက်လှမ်းမှု တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရုရှားဆီက ရေနံ တင်သွင်းမှုတွေကို ရပ်ဆိုင်းဖို့ နယူးဒေလီက သဘောတူလိုက်ပြီးနောက် အိန္ဒိယ ကုန်စည်တွေကို အခွန် ၅၀ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချမယ်လို့ ဝါရှင်တန်က အခုလ လဆန်းပိုင်းက ကြေညာခဲ့တာပါ။
Stellar Ruby ၊ Asphalt Star နဲ့ Al Jafziaလို့ အမည်ပေးထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ သင်္ဘော သုံးစီးဟာ သူတို့ကို ကမ်းရိုးတမ်း အာဏာပိုင်တွေက အရေးမယူနိုင်စေရေး မကြာခဏဆိုသလို သူတို့ရဲ့ သက်သေခံ အမှတ်အသားတွေကို ပြောင်းလဲ ပစ်လေ့ရှိသူတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီ သင်္ဘောတွေရဲ့ ပိုင်ရှင်တွေဟာ ပြည်ပမှာ အခြေစိုက်တာ ဖြစ်တယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။
အိန္ဒိယက ဖမ်းဆီးထားတဲ့ ရေနံတင်သင်္ဘော သုံးစီးဟာ အီရန် အမျိုးသား ရေနံကုမ္ပဏီနဲ့ ဆက်စပ်မှု မရှိဘူးလို့ အဲဒီ ကုမ္ပဏီကို ကိုးကားပြီး အီရန် နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
အဲဒီ သင်္ဘောတွေ ဒါမှမဟုတ် တင်ဆောင်ထားတဲ့ ရေနံတွေဟာ အီရန် အမျိုးသား ရေနံကုမ္ပဏီနဲ့ ဆက်စပ်မှု မရှိဘူးလို့ အီရန်မီဒီယာက ဖော်ပြပါတယ်။
အိန္ဒိယ အထူးစီးပွားရေး ဇုန်ထဲရှိ ရေနံတင် သင်္ဘော တစ်စီး အပါအဝင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကြောင့် မွမ်ဘိုင်းမြို့ အနောက်ဖက် ရေမိုင် ၁၀၀ အကွာမှာ ရေနံသင်္ဘော သုံးစီးအား ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယ အရာရှိတွေက ဖေဖော်ဝါရီ ၆ ရက်က လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
အဲဒီ ဖော်ပြချက်ကို နောက်ပိုင်းမှာ ပြန်ဖျက်ပစ်လိုက်ပေမယ့် သင်္ဘော သုံးစီးကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေး မွမ်ဘိုင်းသို့ စောင့်ကြပ် ခေါ်ဆောင်လာခဲ့ကြောင်း သတင်းရင်းမြစ်က အတည်ပြုထားပါတယ်။
Global Peace ၊Chil 1နဲ့ Glory Star 1 လို့ အမည်ရတဲ့ သင်္ဘော သုံးစီးကို ဒဏ်ခတ် ပိတ်ဆို့ထားကြောင်း အမေရိကန် ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။
အဲဒီ သင်္ဘော သုံးစီးဟာ အိန္ဒိယက ဖမ်းဆီးထားတဲ့ သင်္ဘော သုံးစီးရဲ့ နိုင်ငံတကာ အဏ္ဏဝါ အဖွဲ့အစည်းမှာ မှတ်ပုံတင်ထားတဲ့ နံပါတ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
အဲဒီ ရေနံတင်သင်္ဘော သုံးစီးထဲက နှစ်စီးဟာ အီရန်နဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်က အီရန်ကနေ ဒီဘောက်တီသို့ ရေနံတွေ တင်ပို့ခဲ့ကြောင်း မှတ်တမ်းတွေက ဖော်ပြထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရေနံနဲ့ လောင်စာတွေကို ဈေးပေါပေါနဲ့ရောင်းချနေပြီး ပိုင်ဆိုင်မှုတွေဟာလည်း အင်မတန်မှ ရှုပ်ထွေးမှုရှိတယ်လို့ သိရပါတယ်။
Ref:Reuters

