ရေဖြူ၊ ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရလိုင်ကျေးရွာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းမီးရှို့မှုကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည်ပိုင်းက ရလိုင်းကျေရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ကျေးရွာအတွင်းက နေအိမ်တွေကို မီးတင်ရှို့ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရလိုင်ကျေးရွာက နေအိမ် ၄၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေကလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရလိုင်ရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ သစ်တိုထောက်ကျေးရွာထဲ ရောက်ရှိကာ အဲဒီရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးမှု ထပ်မံလုပ်ဆောင်ပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသက အဲဒီကျေးရွာ နှစ်ရွာ မီးရှို့ခံရမှုဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်မှုကြောင့် ဒေသခံတွေက ပြောကြပါတယ်။
အလားတူ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တနင်္သာရီတိုင်း ပလမြို့ရှိ ကျေးရွာ သုံးရွာက နေအိမ် ၁၉၀ ထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

