ဟာဝိုင်အီ၊ ဖေဖော်ဝါရီ ၅

၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖလော်ရီဒါပြည်နယ်ရှိ ဂေါက်ကွင်း တစ်ခုမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ရိုင်ရန်ရု့သ်ကို တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အဲဒီအချိန်က သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ်ပဲ ရှိသေးတဲ့ ထရန့်ကို နိုင်ငံတကာ ဂေါက်ကလပ်မှာ သတ်ဖြတ်ဖို့ ကြိုးပမ်းမှုအတွက် အသက် ၅၉ နှစ်အရွယ် ရု့သ် မှာ အပြစ်ရှိကြောင်း တရားရုံးက ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနေရာမှာ ခြုံပုတ်တွေထဲက ရိုင်ဖယ် သေနတ်ပြောင်း တစ်ခု ထွက်နေတာကို သမ္မတ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်က တွေ့သွားပြီးနောက် ပစ်ခတ်ရာမှာ ရိုင်ဖယ်သမား ရု့သ် ထွက်ပြေးသွားခဲ့ပါတယ်။

သူ့ကို အနီးအနား တစ်နေရာမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး အီလိန်း ကန်နွမ်က ရု့သ်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အဓိကသမ္မတ ကိုယ်စားလှယ်လောင်း တစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ လနဲ့ချီ စီစဉ်နေခဲ့တာ ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

အဲဒီလို သတ်ဖြတ်ဖို့ စီစဉ်ထားတဲ့ လမ်းကြောင်းမှာ ရှိနေသူတွေကို သတ်ဖြတ်ဖို့လည်း စီစဉ်ထားသလို နောင်တရတာ စိတ်မကောင်း ဖြစ်တာမျိုးလည်း မတွေ့ရဘူးလို့ တရားသူကြီး အီလိန်း ကန်နွမ်က ပြောပါတယ်။

ရု့သ်ရဲ့ ရှေ့နေ မာတင် ရော့စ်က တရားရုံး ချမှတ်တဲ့ ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့ ပြောထားပါတယ်။

ရု့သ်က သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပြီး စက်တင်ဘာ ၈ ရက်က စတင်ခဲ့တဲ့ အမှု ကြားနာမှုအတွင်း သူကိုယ်တိုင် ခုခံ ချေပသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သား ဖြစ်ပြီး ဖမ်းဆီးမခံရခင်က ဟာဝိုင်အီမှာ နေထိုင်သူ ရု့သ်ဟာ တရားရုံးမှာ အမှု စစ်ဆေးနေချိန်အတွင်း ထရန့်ကို ဂေါက်ရိုက်ပြိုင်ဖို့ စိန်ခေါ်တာ၊ အဒေါ့ဖ် ဟစ်တလာနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ကို ညွှန်းဆိုတာတွေ အပါအဝင် မူမမှန်တဲ့ အပြုအမူတွေ ပြုမူခဲ့ပါတယ်။

တရားသူကြီးက ရု့သ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်သူက သူ့လည်ပင်းကို ဘောပင်နဲ့ ထိုးဖို့ ကြိုးပမ်းခဲ့ပါတယ်။

ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ချောင်းမြောင်းနေချိန် ရု့သ်အတွက် မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေခဲ့ပေမယ့် မှန်ပြောင်း တပ်ထားတဲ့ ရိုက်ဖယ်နဲ့ ချဲ့ထားတဲ့ ကျည်ကတ် တစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူ့ဆီမှာ ထရန့် သွားရောက်နိုင်တဲ့ နေရာတွေ စာရင်းလည်း ရှိနေတယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ပြီးတော့ အဲဒီ ဖြစ်ရပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုလို့ သူငယ်ချင်း တစ်ယောက်ကို အသိပေးထားလည်း တွေ့ရပါတယ်။

အမူ ကြားနာစစ်ဆေးချိန်မှာ ရု့သ်က အမေရိကန် ရာဇဝင်၊ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ မော်တော်ဘုတ် တစ်စီး ဝယ်ယူမယ့် သူ့ရဲ့ ရည်ရွယ်ချက်စတဲ့ ဆက်စပ်မှု မရှိတဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

ပန်ဆယ်ဗေးနီးယားမှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့ပြီးနောက် ဖလော်ရီဒါက ဖြစ်ရပ်ဟာ ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဒုတိယမြောက် ကြိုးပမ်းမှု ဖြစ်ပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ် ဘာတလာမြို့မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ မဲဆွယ်ပွဲ တစ်ခု အတွင်း ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ထရန့်အပါအဝင် လူအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်သမားဟာ အသက် ၂၀ အရွယ် သောမတ်စ် ခရု့ဇ် ဆိုသူ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.