မော်စကို၊ ဖေဖော်ဝါရီ ၅

အိန္ဒိယသမုဒ္ဒရာဆီသို့ တရုတ်ရဲ့ ထွက်ပေါက်ကို တားဆီးပိတ်ဆို့ဖို့ အနောက်တိုင်းက ကြိုးပမ်းနေတယ်လို့ ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ ဆာဂျီ ရှိုဂူးက စွပ်စွဲလိုက်ပါတယ်။

ရုရှား နိုင်ငံပိုင် TASS သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ကောင်စီ အကြီးအကဲ ရှိုဂူးက ဥရောပသို့ တရုတ်ကနေ အတိုတောင်းဆုံး လမ်းကြောင်းဟာ မြန်မာနိုင်ငံကို ဖြတ်သန်းနေတယ်လို့ ပြောပါတယ်။

အနောက်တိုင်း နိုင်ငံရေးသမားတွေက တရုတ်ကို ထိန်းသိမ်းရေး သူတို့ရဲ့ ကျယ်ပြန့်တဲ့ ဗျူဟာမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ရှုမြင်ထားကြတာကို နားလည်သင့်တယ်လို့ သူက ပြောပါတယ်။

အိန္ဒိယသမုဒ္ဒရာသို့ ဘေဂျင်းရဲ့ ထွက်ပေါက်ကို တားဆီးဖို့ ကြိုးပမ်းနေကြပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ အဖိုးတန် သယံဇာတတွေကို မရရှိအောင် လုပ်ဆောင်နေကြတယ်လို့ ရှိုဂူးက စွပ်စွဲပါတယ်။

အမေရိကန်က မြန်မာကို ထိန်းချုပ်ခဲ့မယ်ဆိုရင် တရုတ်ကနေ ဥရောပဆီသို့ သွားတဲ့ လမ်းကြောင်းကို အမေရိကန် ရေတပ်သင်္ဘောတွေက ပိတ်ဆို့ထားနိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒီ လမ်းကြောင်းဟာ ထိုင်ဝမ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်လို့ တိုက်ခိုက်မှု ဖြစ်လာရင် မလက္ကာ ရေလက်ကြားကို ရှောင်လွှဲပြီး ထွက်ပေါက် တစ်ခုရအောင် လုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားကြပြီး မြန်မာနိုင်ငံကို စစ်ရေးနည်းပြတွေ စေလွှတ်နေတာ ဖြစ်တယ်လို့ ရှိုဂူးက ပြောပါတယ်။

သာမန် ပြည်သူတွေကို ကာကွယ်ပေးရေးဆိုတဲ့ ကျယ်လောင်တဲ့ ပြောဆိုမှုတွေ နောက်မှာ အနောက်တိုင်းက သူတို့အပေါ် သစ္စာ စောင့်သိမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင်လို့ ခေါ်သူတွေကို အစားထိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရှိုဂူးက ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေကို အနောက်တိုင်းက ဘဏ္ဍာငွေနဲ့ ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးနေတယ်လို့လည်း ရှိုဂူးက စွပ်စွဲထားပါတယ်။

ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖို့နဲ့ မြန်မာနိုင်ငံ မတည်ငြိမ်အောင် နယ်စပ် ဒေသတွေမှာ ပို့ဆောင်ရေး စုရပ်တွေ ဖန်တီးပြီး စစ်ရေးနည်းပြတွေကို စေလွှတ်ပေးနေတယ်လို့လည်း သူက စွပ်စွဲပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ မြန်မာ လွှတ်တော် ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှုရှိပြီး စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူတွေကို ကတိတည်ထားဆဲ ဖြစ်တယ်လို့ ရှိုဂူးက ပြောပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီ ၅၇ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရုရှား၊ ဘီလာရုဇ်၊ ကာဇက်စတန်၊ တရုတ်၊ အိန္ဒိယ၊ နီကာရာဂွါတို့အပြင် ဗီယက်နမ်၊ ကမ္ဘောဒီယား၊ ထိုင်းစတဲ့ အာဆီယံ ၃ နိုင်ငံက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပါတီ ၅၇ ခုက ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၆ ပါတီက နိုင်ငံတဝန်းလုံးအဆင့် ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ ရှိုဂူးက ပြောပါတယ်။

ရလဒ်တွေက မြန်မာနိုင်ငံ ရွေးချယ်တဲ့ လမ်းကြောင်း မှန်ကန်မှု ရှိကြောင်း ဖော်ပြနေတယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းစစ် ဖြစ်နေချိန် စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာပဲ သုံးဆင့်ခွဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကိုယ်စား ကြံ့ခိုင်ရေးပါတီ အနိုင်ရကြောင်း ကြေညာထားပါတယ်။

လွှတ်တော် အစည်းအဝေး မတ်လ နောက်ဆုံးပတ်မှာ ကျင်းပမှာ ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

သူက နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းပြီး နိုင်ငံ့အာဏာကို အလုံးစုံ ထိန်းချုပ်နိုင်ရေး ကြိုတင် စီစဉ်နေပါတယ်။

Ref: aa.com

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.