တနင်္သာရီ၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ အများစု အရေးပြားရောဂါ ဖြစ်ပွားနေတယ်လို့ ဒေါန-တနင်္သာရီစစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ထံကနေ သိရပါတယ်။

အရေးပြားရောဂါဖြစ်ပွားမှုဟာ ကလေးသူငယ်တွေနဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေမှာပါ ရောဂါ ကူးစက်မှုတွေ ရှိနေပြီး ကျေးရွာချင်းအလိုက် ရောဂါကူးစက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အရေးပြား ရောဂါဖြစ်ပွားမှုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဖြစ်ပွားနေတာ ဖြစ်ပြီး အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိတာကြောင့် အခြားဒေသတွေမှာပါ ကူးစက်မှု ဖြစ်ပွားတာလို့ ဆိုပါတယ်။

ရောဂါကူးစက်မှုဟာ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ သောက်သုံးရေနဲ့ သုံးရေတွေ မသန့်ရှင်းတာ၊ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရှိတာကြောင့် ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့က ကိုယောနသံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရေးပြားရောဂါနဲ့ ပတ်သက်ပြီး ဆေးဝါးတွေကို နီးစပ်ရာ ကျေးရွာတွေနဲ့ လက်လှမ်းမီတဲ့ ဆေးဝါးတွေကိုသာ သုံးစွဲနေရပြီး အများစုမှာ စစ်ကော်မရှင်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးရရှိမှုဟာ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.