မြဝတီ၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့အပြီး ထွက်ခွာသွားဖို့ စစ်ကော်မရှင်တပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ BGF တပ်နယ် ၁၊ တပ်နယ် ၂၊ တပ်နယ် ၃၊ တပ်နယ် ၄ က KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူတွေ မြဝတီမြို့ကနေ ထွက်ခွာပြီး တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ထိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့အပြီး နောက်ဆုံးထားဆောင်ရွက်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဇန်နဝါရီ ၁၉ ရက်နေ့မှ သတိပေးစာ ပေးပို့ထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၉ ရက်နေ့ ညက မြဝတီမြို့မှာ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ တပ်မမှူးနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့က ဆက်ဆံရေးရုံးအဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ KNA ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုပေးထားခြင်း မရှိတာကြောင့် မြို့ပေါ်မှာနေထိုင်ခွင့်မပြုဘူးလို့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ တပ်မမှူးက ပြောဆိုထားပါတယ်။

ဒါ့အပြင် မြဝတီမြို့လုံခြုံရေးကိစ္စရပ်တွေမှာ NCA ထိုးထားတဲ့ DKBA နဲ့ KNU/KNLA PC အဖွဲ့တို့အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တိုက်ခိုက်ခံရပါက ပြန်လည်တုံ့ပြန်ဖို့အတွက် မြဝတီမြို့မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ဖို့ နေရာ ၁၈ နေရာ သတ်မှတ်ထားရှိတယ်လို့ တပ်မ ၂၂ တပ်မမှူးက ဆိုပါတယ်။

လက်ရှိ မြဝတီမြို့တွင်းမှာ KNA တပ်ဖွဲ့တွေ ရှိနေသေးပြီး လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ပိုင်းမှာတော့ မြို့ထဲ KNA တပ်ဖွဲ့တွေ တွေ့ရှိပါက ပစ်မိန့်ပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုထားပါတယ်။

ကရင်အမျိုးသားတပ်မတော် KNA ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒီလိုပြောင်းလဲဖွဲ့စည်းလိုက်တဲ့နောက် စစ်တပ်က KNA အပေါ် တင်းကြပ်ကန့်သတ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.