ဒါးဗို့စ်၊ ဇန်နဝါရီ ၂၃
သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဒါးဗို့စ်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၊ ရုရှားတို့နဲ့ ယူအေအီးနိုင်ငံမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
သံတမန်ရေး အရကြိုးပမ်းမှု အရှိန်ပိုမြင့်လာပုံရနေချိန် အမေရိကန် သမ္မတ ထရန့်က သူနဲ့ ဇီလန်စကီးလို့ ဆွေးနွေးမှု အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးရေး အမေရိကန် ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် မော်စကိုသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ထရန့်ရဲ့ သမက် ဂျာရက် ကူရှ်နာနဲ့အတူ မော်စကိုသို့ ရောက်ရှိနေတဲ့ စတိဗ် ဝစ်ကော့ဖ်က သဘောတူညီမှု တစ်ခု ရရှိမယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။
မိမိတို့အနေနဲ့ မပြေလည်နိုင်သေးတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ကြောင်း သူက ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့က မထွက်ခွာခင် ပြောဆိုသွားပါတယ်။

ဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထရန့်ရဲ့ ကိုယ်စားလှယ်က ထုတ်မပြောပေမယ့် ဇီလန်စကီးက ယူကရိန်းအရှေ့ပိုင်းရဲ့ အနာဂတ် အခြေအနေဟာ မဖြေရှင်းနိုင်သေးတဲ့ ကိစ္စဖြစ်ကြောင်း နောက်ပိုင်းမှာ ရှင်းလင်း ပြောဆိုထားပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)မှာ ဆွေးနွေးမှုအတွင်း ရုရှား၊ အမေရိကန်နဲ့ ယူကရိန်း ပါဝင်မှာ ဖြစ်ကြောင်း ဇီလန်စကီးက အတည်ပြုပါတယ်။
ညှိနှိုင်းမှုတွေအတွက် ယူကရိန်း တစ်နိုင်ငံတည်း အသင့်ရှိနေရမှာ မဟုတ်ဘဲ ရုရှားလည်း အသင့်ရှိနေရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အားလုံးက နယ်မြေနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ကြောင်းနဲ့ မဖြေရှင်းနိုင်သေးတဲ့ ကိစ္စဟာ ဒီကိစ္စပဲ ဖြစ်ပါတယ်လို့ ဇီလန်စကီးက ဆွစ်ဇာလန် နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းကို လုံခြုံရေး အာမခံပေးဖို့အတွက် အပြန်အလှန် အနေနဲ့ သူတို့ရဲ့ စက်မှု လုပ်ငန်း နှလုံးသဲပွတ် ဒေသဖြစ်တဲ့ ဒွန်ဘတ်စ်မှာ စစ်ရေး ကင်းစင်အောင် လုပ်ပြီး လွတ်လပ်တဲ့ စီးပွားရေးဇုန် တည်ဆောက်ဖို့ အမေရိကန်က အဆိုပြုထား ပါတယ်။
ဒီကိစ္စကို နှစ်ဖက် ဖြေရှင်းနိုင်ရင် ကျွန်တော်တို့ ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်လို့ ဝစ်ကော့ဖ်က ဆိုပါတယ်။
သူ့အနေနဲ့ မော်စကို ခရီးစဉ်ပြီးနောက် အဘူဒါဘီသို့ သွားရောက်မှာ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ စီးပွားရေးကိစ္စတွေအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
သဘောတူညီမှု တစ်ရပ် ရရှိခဲ့မယ်ဆိုရင် ယူကရိန်းကို အမေရိကန်က လုံခြုံရေး အာမခံချက် ပေးရေး ထရန့်နဲ့ မိမိတို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ဇီလန်စကီးကလည်း ဆိုပါတယ်။
သူက အသေးစိတ်ကို မပြောပေမယ့် သဘောတူညီမှု တစ်ခု ရရှိခဲ့ရင် လက်မှတ်မထိုးခင် အမေရိကန်လွှတ်တော်နဲ့ ယူကရိန်း လွှတ်တော်သို့ တင်ပြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန်နဲ့ ပြင်သစ် ဦးဆောင်တဲ့ ကူညီရေးအဖွဲ့က သဘောတူညီမှုအပေါ် စောင့်ကြည့်ရေး မြေပြင်တပ်ဖွဲ့တွေ စေလွှတ်သွားမှာ ဖြစ်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် ထောက်ခံ ကူညီမှု မပါဘဲ ဘယ်လို လုံခြုံရေး အာမခံချက်မျိုးမှာ အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း ယူကရိန်း သမ္မတက ပြောပါတယ်။
Ref:BBC

