တိုကျို၊ ဇန်နဝါရီ ၂၃
ဂျပန်ရှိ ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား စက်ရုံ ပြန်လည် လည်ပတ်ပြီးနောက် နာရီပိုင်း အကြာမှာ ပိတ်ထားလိုက်ရကြောင်း အဲဒီ စက်ရုံကို ဦးစီးနေတဲ့ ကုမ္ပဏီက ပြောပါတယ်။
တိုကျိုမြို့ အနောက်မြောက်ဖက် ကာရှီဝါဇာကီ-ကာရီဝါ နျူကလီးယား စက်ရုံမှာ ဓာတ်ပေါင်းဖို စတင် လည်ပတ်ရေး လုပ်ငန်းစဉ် အတွင်း သတိပေးစနစ်တစ်ခု အသံမြည်လာခဲ့ပေမယ့် ဓာတ်ပေါင်းဖိုကတော့ တည်ငြိမ်နေဆဲ အခြေအနေ ဖြစ်တယ်လို့ တိုကျို လျှပ်စစ် စွမ်းအင် ကုမ္ပဏီ (Tepco) ရဲ့ ပြောရေးဆိုခွင့်ရှိသူ တာကာရှီ ကိုဘာယာရှီက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ ဖူကူးရှီးမား ဘေးအန္တရာယ် ဖြစ်ပြီးနောက် အဲဒီ စက်ရုံမှာ ပထမဆုံး ဖွင့်လှစ်တဲ့ ဓာတ်ပေါင်းဖို နံပါတ် ၆ ကို ဇန်နဝါရီ ၂၁ ရက်က ပြန်လည် လည်ပတ်စေခဲ့ပြီး သတိပေးစနစ် ချွတ်ယွင်းချက်ကြောင့် တစ်ရက်နောက်ကျပြီး လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်က ရစ်ချ်တာစကေး ၉ ဒသမ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် အဲဒီ စက်ရုံမှာ နျူကလီးယား အရည်ပျော်မှု ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံရှိ ဓာတ်ပေါင်းဖို ၅၄ ခုစလုံးကို ဂျပန်က ပိတ်ထားခဲ့ပါတယ်။

အဲဒီအချိန်က စက်ရုံကနေရေဒီယို သတ္တိကြွမှုတွေ ယိုစိမ့်မှုကြောင့် လူပေါင်း ၁၅၀၀၀၀ နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အခုအချိန်မှာ ဘေးကင်းနေပြီ ဖြစ်ကြောင်း ကြေညာထားပေမယ့် အဲဒီတုန်းက ထွက်ပြေးသွားသူတွေ အများကြီး ပြန်မလာဘဲ ရှိနေဆဲ ဖြစ်ပါတယ်။
နံပါတ် ၆ ဓာတ်ပေါင်းဖိုကို ဇန်နဝါရီ ၂၂ရက်က ပြန်ရပ်တန့်လိုက်ပြီးနောက် ဓာတ်ပေါင်းဖို တည်ငြိမ်မှု ရှိပြီး အပြင်ဖက်မှာ ရေဒီယို သတ္တိကြွမှုရဲ့ သက်ရောက်မှုတွေ မရှိဘူးလို့ ကိုဘာယာရှီက ပြောထားပါတယ်။
အဲဒီဓာတ်ပေါင်းဖိုကို ကနဦးမှာ ဇန်နဝါရီ ၂၀ ရက် စတင် လည်ပတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် နည်းပညာ ပြဿနာ တစ်ခုကြောင့် စတင်မယ့်ရက်ကို နောက်ဆုတ်ထားခဲ့တာပါ။
အဲဒီ ဓာတ်ပေါင်းဖိုကို လာမယ့်လမှာ စီးပွားဖြစ် ပြန်လည် စတင် လည်ပတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ရတဲ့ ဖြစ်ရပ် ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို Tepco က စုံစမ်း စစ်ဆေးနေတယ်လို့ ကိုဘာယာရှီက ပြောကြား ပေမယ့် လုပ်ငန်းစဉ်တွေ ဘယ်အချိန် ပြန်စမလဲ ဆိုတာကိုတော့ မပြောပါဘူး။
ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံရှိ သတ္တမမြောက် ဓာတ်ပေါင်းဖိုကို ၂၀၃၀ မတိုင်ခင် အထိ ပြန်လည်စတင်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။
တခြား ဓာတ်ပေါင်းဖို ၅ လုံးကိုတော့ ရပ်တန့်မြဲ ရပ်တန့်ထားနိုင်ခြေရှိနေပါတယ်။
ဒါကြောင့် အဲဒီ စက်ရုံမှာ ဓာတ်ပေါင်းဖို ၇ လုံးစလုံး လည်ပတ်နိုင်ချိန်က ထုတ်လုပ်ပေးနိုင်ခဲ့တဲ့ လျှပ်စစ် ဓာတ်အား ပမာဏထက် အများကြီး လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့် နံပါတ် ၆ဓာတ်ပေါင်းဖို ပြည်လည် လည်ပတ်ဖို့ အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က Tepco ကုမ္ပဏီ ရုံးချုပ်ရှေ့မှာ လူအနည်းငယ် စုဝေးပြီး ဆန္ဒပြခဲ့ကြ သလို ဒီဇင်ဘာလက နာပီဂါတာ ဒေသဆိုင်ရာ လွှတ်တော် အပြင်ဖက်မှာ ရာနဲ့ချီတဲ့ လူတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ဟာ ၂၀၁၁ မတိုင်ခင် နျူကလီးယား စွမ်းအင်ကို စောစောစီးစီး လက်ခံ အသုံးပြုခဲ့ပြီး သူတို့ သုံးစွဲတဲ့ လျှပ်စစ်ဓာတ် ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို နျူကလီးယားက ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၃၀ မှာတော့ နျူကလီးယား စက်ရုံတွေကနေ တစ်နိုင်ငံလုံး အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
၂၀၁၅ နောက်ပိုင်း ဂျပန်က သူတို့ရဲ့ လည်ပတ်နိုင်တဲ့ ဓာတ်ပေါင်းဖို ၃၃လုံးထဲက ၁၅လုံးကို ပြန်လည် စတင်ခဲ့ ပါတယ်။
Ref:BBC

