ထန်းတပင်၊ ဇန်နဝါရီ ၂၂

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာထဲကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် ဇီဒေါခိုကျေးရွာနေ အသက် ၈၅ နှစ်အရွယ် နော်ဖော်ဆဲ၊ အသက် ၅၅ နှစ်အရွယ် နော်မူသဲတို့ ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၅၂ နှစ်အရွယ် နော်ဝါးနဲ့ အသက် ၆၄ နှစ်အရွယ် နော်ချာခူးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခြောက်လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ်လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.