ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝါးဘိုးကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်တပ်သားတွေက သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ဝါးဘိုးကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေစဉ် စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာပြီး သေနတ်နဲ့ အနီးကပ် ပစ်ခတ်သွားတာပါ။
ဒီအမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ အနီးကပ် လာရောက်ပစ်သတ်သွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကြာအင်းဆိပ်ကြီးအခြေစိုက် အမှတ် ၂၈၄ ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို အပြစ်မဲ့ပြည်သူတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင်လူသတ်ခွင့်မပေးဖို့၊ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့လည်း ပြည်သူတိုင်းမှာတာဝန်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Phoenix – Special Warfare Force က ထုတ်ပြန်ထားပါတယ်။
အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်စွာဖိနှိပ်သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ကို ဆက်လက်တော်လှန်တိုက်ဖျက်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ မတရားမှုက လွတ်မြောက်လိုတဲ့ ဆန္ဒနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှုတွေကသာ တကယ့်လွတ်လပ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ဆီကို ဦးတည်ခေါ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် လုံခြုံရေးအထူး တင်းကျပ်ထားသလို ကျေးရွာတွေထဲ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

