နေပြည်တော်၊ ဇန်နဝါရီ ၂၁

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲလာပေးသူ ၅၆ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲလာပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲလာပေးသူ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာလည်း ပြည်သူတွေ မဲလာပေးနိုင်အောင် လုံခြုံရေးစီမံချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲမှာ မဲလာပေးသူ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောဆိုပေမယ့် မြေပြင်မှာတော့ ပြည်သူတွေဟာ အကြောက်တရားနဲ့ ဖိအားတွေကြောင့် မဲပေးရတာလို့ ဆိုကြပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.