ဝါရှင်တန်၊ ဇန်နဝါရီ ၂၁

အီရန်က မိမိကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းရာမှာ အောင်မြင်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံ ကမ္ဘာ မျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။

အပြန်အလှန် ခြိမ်းခြောက်ကြရာမှာ အီရန်နဲ့အမေရိကန် နှစ်နိုင်ငံစလုံးက မိမိတို့ တစ်နိုင်ငံရဲ့ ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရရင် ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက်ထားကြပါတယ်။

အသက် ၇၉ နှစ်အရွယ် ထရန့်ကို အီရန်က လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ News Nation သတင်းဌာနက မေးမြန်းရာမှာ သူသာ တစ်ခုခု ဖြစ်ခဲ့ရင် ကမ္ဘာ မျက်နှာပြင်ပေါ်က အီရန် နိုင်ငံ ပျောက်ကွယ်သွားလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က မိမိတို့ ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို လုပ်ကြံသတ်ဖြတ်ခဲ့မယ်ဆိုရင် မိမိတို့ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အီရန် ဗိုလ်ချုပ် အဘိုးလ်ဖာ့စ် ရှီကာချီက ပြောဆိုထားပါတယ်။

မိမိတို့က ရန်စတိုက်ခိုက်တဲ့ နိုင်ငံကို မီးလောင်တိုက် သွင်းပစ်မှာ ဖြစ်ပြီး ဒေသတွင်းမှာလည်း သူတို့ အတွက် လုံခြုံတဲ့နေရာ ရှိတော့မှာ မဟုတ်ဘူးလို့ အီရန် ဗိုလ်ချုပ်က ဆိုပါတယ်။

အီရန်မှာ ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေး နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက် အမေရိကန်နဲ့ တင်းမာမှု ပိုများလာနေတာ ဖြစ်ပါတယ်။

အီရန်မှာ အသက် ၈၆ နှစ်အရွယ် ထိပ်တန်း ခေါင်းဆောင် အယာတိုလာက ဒီမိုကရက်တစ် ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးဖို့ ငြင်းဆိုနေတာ ဆယ်စုနှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။

ပြည်ပရောက် အီရန် နိုင်ငံသားတွေအပါအဝင် အီရန် ပြည်သူတွေက အမေရိကန် ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုထားကြပါတယ်။

ဘက်ပြောင်းလာတဲ့ အီရန် ပြည်ထဲရေးဝန်ကြီးကလည်း အမေရိကန် ကြားဝင် မရှင်းပေးရင် အီရန် ပြည်သူတွေရဲ့ အမျက်ဒေါသတွေနဲ့ ဒေါ်နယ် ထရန့် ရင်ဆိုင်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

ငွေတန်ဖိုး ကျဆင်းမှု၊ စီးပွားရေး အကြပ်အတည်းတွေကြောင့် စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အသွင်ပြောင်းလဲလာခဲ့ပြီး နိုင်ငံတဝှမ်း ပျံ့သွားခဲ့ပါတယ်။

အီရန် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် သေဆုံးတဲ့ ဆန္ဒပြသူ အရေအတွက် ၄၀၀၀ ကျော် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ထရန့်က ဆက်လက် ဆန္ဒပြကြဖို့ အီရန် ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး အမေရိကန်က ကူညီပေးမယ်လို့ ပြောခဲ့ပေမယ့် ခြိမ်းခြောက် ပြောဆိုတာတွေက လွဲလို့ ဘယ်လို ကူညီမှုမျိုးမှ မတွေ့ခဲ့ရပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.