ကျုံဒိုး၊ ဇန်နဝါရီ ၁၈

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်က မြို့နယ် ၄ မြို့နယ်ရှိ ဒေသခံပြည်သူလူထုထောင်ချီဟာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်က ပြည်သူလူထုတွေဟာ အာဏာသိမ်းစစ်ကော် မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို တစ်ခရိုင်လုံးအတိုင်းအတာနဲ့ (Zero Hour) သတ်မှတ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၉ နာရီအချိန်တိတိမှာ မြို့နယ်အသီးသီးရှိ ပြည်သူလူ ထုတွေက နေရာခွဲကာ တစ်ပြိုင်နက်တည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တာပါ။

အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲ စနစ်တစ်ရပ်မဟုတ်သလို နိုင်ငံတ ကာက အသိအမှတ်ပြုခြင်း မဟုတ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

ပြည်သူ့ဆန္ဒမပါတဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အစီအစဉ်မှာ မြို့နယ်အသီးသီးရှိ လူထုခေါင်းဆောင်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာ ဟောပြောတာ လက်ကမ်းစာစောင်ဝေငှတာ ပိုစတာနဲ့တကွ စီတန်းလှည့်လည်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်တဲ့ အစိုးရ အလိုမရှိ စစ်အာဏာရှင်အတုအယောင်ရွေး ကောက်ပွဲ အလိုမရှိ စစ်အာဏာစနစ်နဲ့ မဟာလူမျိုးကြီးဝါဒ အလိုမရှိ လူမျိုးပေါင်းစုံစည်းလုံးညီညွတ်မှု တည်ဆောက်ရေးနဲ့ ကော်သူးလေအစိုးရ တည်ဆောက်ရေး စတဲ့ ကြွေးကြော်ချက်တွေနဲ့ မြို့နယ်အသီးသီးက ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒူးပလာယာခရိုင်တစ်ခုလုံး အတိုင်းအတာနဲ့ ကော့ကရိတ်မြို့နယ်မှာ နေရာ ၄ နေရာပြုလုပ်ခဲ့ပြီး ပြည်သူလူထု ၂၆၅၀ ဦး၊ ကျုံဒိုးမြို့နယ်မှာ ပြည်သူ ၄၀၀ ဦး၊ ဝင်းရေးမြို့နယ်အတွင်း နေရာ ၂ နေရာက ပြည်သူ ၂၀၀၀ ဝန်းကျင်၊ နို့တကောမြို့နယ်အတွင်း နေရာ ၄ နေရာက ပြည်သူ ၂၀၀၀ ဝန်းကျင် စုစုပေါင်း ပြည်သူလူထု ၇၀၀၀ ဝန်းကျင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ကရင်ပြည်နယ်အတွင်းက ဘားအံ၊ သံတောင်ကြီး၊ မြဝတီ၊ ဖာပွန်၊ လှိုင်းဘွဲမြို့နယ်တွေမှာ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း ၃ မှာ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.