မော်လမြိုင်၊ ဇန်နဝါရီ ၁၇
နိုင်ငံတဝန်းမှာ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်လက်ချက်ကြောင့် အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၁၇ ဦး ၊ စုစုပေါင်း ၃၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ ၁၅ ဦးနဲ့ အများဆုံးသေဆုံးခဲ့သလို အဲဒီကာလအတွင်း အတည်ပြုဖို့ လိုအပ်နေတဲ့ အရပ်သား ၂၈ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က မကွေးတိုင်း မင်းလှမြို့နယ် ရှမ်းတပ်ကျင်းကျေးရွာရှိ စစ်ကော်မရှင်ဂိတ်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လယ်ယာလုပ်ကိုင်နေတဲ့ သက်ကြီးပိုင်းပြည်သူတွေဖြစ်တဲ့ ဦးချငို၊ ဇနီးဖြစ်သူ ဒေါ်အုန်းစိန်နဲ့ ဦးသန်းထွန်းတို့ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ အပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂၈၃၁ ဦးသေဆုံးခဲ့တယ်လို့ Spring Revolution Database – SRD က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

