ဝါရှင်တန်၊ ဇန်နဝါရီ ၁၇
တရုတ် လျှပ်စစ်ကား ၄၉၀၀၀ အထိ ဈေးကွက်ထဲဝင်ရောက်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကနေဒါအနေနဲ့ နောင်တရလိမ့်မယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။
တရုတ် လျှပ်စစ်ကားတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သမ္မတ ထရန့်ရဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ကနေဒါအစိုးရအနေနဲ့ အခု ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားလိမ့်မယ်လို့ မိမိအနေနဲ့ မျှော်လင့်မိပြီး တရုတ် လျှပ်စစ်ကားတွေကို ဈေးကွက်ထဲ ဝင်ရောက်ခွင့်ပြုမှုအတွက် နောင်တရလိမ့်မယ်လို့ အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင် ဒက်ဖီက ပြောပါတယ်။
အိုဟိုင်းယိုးပြည်နယ်ရှိ ဖို့ဒ်ကားစက်ရုံသို့ သွားရောက်ပြီး ကားတွေကို တန်ဖိုးသက်သက်သာသာ ထုတ်လုပ်ဖို့ ပြောကြားရင်းနဲ့ ရှောင် ဒက်ဖီက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က တရုတ် လျှပ်စစ်ကားတွေကို အခွန်တွေ တိုးမြှင့် ကောက်ခံခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း ကနေဒါက တရုတ် လျှပ်စစ်ကားများကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံခဲ့တာပါ။

ဒါပေမဲ့ ဇန်နဝါရီ ၁၆ ရက်က ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနေရဲ့ ဘေဂျင်း ခရီးစဉ်အတွင်း တရုတ် လျှပ်စစ်ကား ၄၉၀၀၀ ကို အခွန်နှုန်းထား ၆ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ပေးသွားမှာ ဖြစ်ကြောင်း သဘောတူခဲ့ပါတယ်။
ကနေဒါက ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေနဲ့ အစိတ်အပိုင်တွေနဲ့ပတ်သက်လို့ အမေရိကန်က သဘောထား တင်းမာမှု ပိုများလာနေချိန် ကနေဒါရဲ့ အထက်ပါ ဆုံးဖြတ်ချက်ကြောင့် တရုတ်အနေနဲ့ မြောက်အမေရိကမှာ ခြေကုပ်နေရာ ပိုမို ရရှိလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။
တရုတ် လျှပ်စစ်ကားတွေ ကနေဒါ ဈေးကွက်သို့ ဝင်ရောက်လာမှာ ဖြစ်ပေမယ့် ကနေဒါသို့ အမေရိကန် ကားကုမ္ပဏီတွေရဲ့ ကနေဒါသို့ ကားတင်ပို့မှု ထိခိုက်မှာ မဟုတ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ကနေဒါရှိ အမေရိကန်သံရုံးကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ကနေဒါရဲ့ အခုလိုဆုံးဖြတ်ချက်ဟာ ပြဿနာ ဖြစ်စေနိုင်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး အမေရိကန် ကားလုပ်ငန်းတွေကို ကာကွယ်ဖို့ မိမိတို့အနေနဲ့ တရုတ်ကားတွေကို တင်သွင်းမှာ မဟုတ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျမီဆင် ဂီယာက ပြောပါတယ်။
ဘေဂျင်းမှာ ရယူခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ နှစ်နိုင်ငံ အခွန် ကောက်ခံမှု ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ ရှိနေပါတယ်။
တရုတ်အနေနဲ့ ဆိုက်ဘာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ ဆန္ဒရှိမှာ မဟုတ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
အမေရိကန် အရာရှိတွေကြား သဘောထား ပြောင်းပြန် ဖြစ်မှုအနေနဲ့ သမ္မတ ဒေါ်နယ် ထရန့်က တရုတ် ကားကုမ္ပဏီတွေကို အမေရိကန်မှာ လာရောက် လုပ်ကိုင်စေလိုတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အမေရိကန် ပါတီ နှစ်ခုစလုံးရဲ့ လွှတ်တော် အမတ်တွေက တရုတ်ကားတွေဟာ အမေရိကန် ကားထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် တရုတ်ကားတွေ ဝင်ရောက်လာမှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
အိုဟိုင်းယိုးပြည်နယ် ရီပက်ဘလေကန် လွှတ်တော်အမတ် ဘာနီ မော်ရီနိုက တရုတ် လျှပ်စစ်ကားတွေ အမေရိကန် ဈေးကွက်ထဲ ဝင်ရောက် မလာအောင် ကန့်ကွက်ခဲ့ပြီး တခြား အရာရှိတွေက သူ့ကို ထောက်ခံခဲ့ကြပါတယ်။
Ref:Reuters

