နု့ခ်၊ ဇန်နဝါရီ ၁၆

ဂရင်းလန်းကို အမေရိကန်က လိုအပ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားချိန်မှာ ဥရောပ နိုင်ငံတွေက ကင်းထောက် မစ်ရှင်လို့ခေါင်းစဉ်တပ်ပြီး တပ်ဖွဲ့ တချို့ ချထားလိုက်ပါတယ်။

ပြင်သစ် စစ်တပ်ရဲ့ တပ်ဖွဲ့ အနည်းငယ်ဟာ ဂရင်းလန်းမြို့တော် နု့ခ်သို့ ရောက်ရှိလာတယ်လို့ အရာရှိတွေက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ဂျာမနီ၊ ဆွီဒင်၊ နော်ဝေး၊ ဖင်လန်၊ နယ်သာလန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပနိုင်ငံတွေက တပ်ဖွဲ့ဝင် တချို့ ချထားပါတယ်။

ကနဦးချထားတဲ့ စစ်တပ်အဖွဲ့ဝင်တွေကို မကြာခင်မှာ ကြည်း၊ ရေ၊ လေ အင်အား ထပ်ဖြည့် သွားမှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အမ်မန်နူရယ် မက်ကရွမ်က ပြောပါတယ်။

အကြီးတန်းသံတမန် အိုလီဗီယာ ပိုအီဗရီက မိမိတို့အနေနဲ့ ဂရင်းလန်းမှာ နေတိုးအဖွဲ့ ရှိနေကြောင်း အမေရိကန်ကို ပြသသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗင့်စ်နဲ့ ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံဖို့ ဂရင်းလန်းနဲ့ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးတွေ အမေရိကန်သို့ သွားရောက်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေအပြီး ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးမှုတွေ အပြုသဘောဆောင်ပေမယ့် နှစ်ဖက်ကြား အခြေခံကျကျ သဘော မတူညီမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

ထရန့်က ဂရင်းလန်းကို ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့လည်း ဂရင်းလန်း နိုင်ငံခြားရေးဝန်ကြီး ရက်စ်မူဆန်က ပြောပါတယ်။

မိမိတို့အနေနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ဒေသကို လိုအပ်တယ်လို့ ထရန့်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

သူ့အနေနဲ့ စစ်အင်အား အသုံးပြုမှုကို ပယ်ချမထားပေမယ့် ဂရင်းလန်းနဲ့ပတ်သက်ပြီး ဒိန်းမတ်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိမယ်လို့ မျှော်လင့်ကြောင်းလည်း ထရန့်က ပြောပါတယ်။

ရုရှားနဲ့ တရုတ်က ဂရင်းလန်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ထရန့်က ပြောပါတယ်။

နေတိုးအဖွဲ့က ဂရင်းလန်းမှာ တပ်ဖွဲ့ဝင် အင်အား ချထားမှုဟာ အနည်းအကျည်းပဲ ဖြစ်ပြီး ဘယ်အချိန် အထိ ချထားမလဲဆိုတာကိုလည်း မသိရသေးပါဘူး။

ဖင်လန်က အချက်အလက် အမှန်ရှာဖွေရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဂရင်းလန်းမှာ စစ်ဖက်ဆိုင်ရာ အရာရှိ နှစ်ဦးကို စေလွှတ်ထားပါတယ်။

ဂျာမနီက A400M ပို့ဆောင်ရေး လေယာဉ် တစ်စီး စေလွှတ်ထားပြီး စစ်သား ၁၃ ဦး ပါဝင်ပေမယ့် ဂရင်းလန်းမှာ ဇန်နဝါရီ ၁၄ ရက်ထက် ကျော်လွန်ပြီး နေထိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဥရောပနဲ့အတ္တလန္တိတ် ဖြတ်ကျော် လုံခြုံရေးအတွက် ဂရင်းလန်းမှာ မကြာခင် စစ်အင်အား တိုးမြှင့်ချထားဖို့ ဂရင်းလန်းအစိုးရနဲ့ အတူ ဆုံးဖြတ်ထားကြောင်း ဒိန်းမတ်က ပြောပါတယ်။

ဂရင်းလန်းဟာ နေတိုး မဟာမိတ် ဖြစ်ပြီး ဥရောပသမဂ္ဂက ပိုင်ဆိုင်တာကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ ဂရင်းလန်းအတွက် အထူး တာဝန်ရှိတယ်လို့ ပြင်သစ်သမ္မတ မက်ကရွန်က ဆိုတာပါ။

အမေရိကန်က ဂရင်းလန်းမှာ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း ထားရှိထားပြီး ဖြစ်ပါတယ်။ အမေရိကန်က အင်အား ၁၅၀ လောက် ချထားပြီး ကိုပင်ဟေဂင်အစိုးရနဲ့ ရယူထားတဲ့ သဘောတူညီချက်နဲ့ မကြာခင် အင်အား တိုးမြှင့်ချထားမယ်လို့ မျှော်လင့်ရပါတယ်။

ဂရင်းလန်းမြို့တော် နု့ခ်သို့ မိမိတို့ စစ်ဖက်ဆိုင်ရာ အရာရှိ နှစ်ဦး စေလွှတ်ထားကြောင်း ဆွီဒင် ဝန်ကြီးချုပ်က ပြောပါတယ်။

နော်ဝေး စစ်သား နှစ်ဦး၊ ဗြိတိန် စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦး ၊ နယ်သာလန် ရေတပ်အရာရှိ တစ်ဦးလည်း ဂရင်းလန်းသို့ စေလွှတ်ထားတယ်လို့ သိရပါတယ်။

ဂရင်းလန်းသို့ ဥရောပတပ်ဖွဲ့တွေ ချထားပေမယ့် အမေရိကန် သမ္မတရဲ့ ဆုံးဖြတ်ထားမှုအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ အမျိုးသမီးက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.