ရေဖြူ၊ ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ် သာယာမွန်ကျေးရွာအနီး ရေး-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးဟာ နောက်ကျောမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထားဝယ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ရေး-ထားဝယ်လမ်းပိုင်းမှာ ကားအစီးရေ ရာနဲ့ချီ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁ နာရီလောက်မှသာ ပုံမှန်အတိုင်း ပြန်လည်သွားနိုင်တယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ရေဖြူအခြေစိုက် အမှတ် ၂၈၂ ခြေလျင်တပ်ရင်းထံ ပြန်လည်ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးမှု အခြေအနေ ဆက်လက်စုံစမ်းနေတယ်လို့ ရေဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေဖြူမြို့နယ်မှာ ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

