ဆစ္စဒနီ၊ ဇန်နဝါရီ ၁၀
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်တွေ မီးလောက်ပျက်စီးပြီး လူထောင်သောင်းချီပြီး လျှပ်စစ်မီး မရဖြစ်နေပါတယ်။
မီးသတ်သမား ထောင်ပေါင်းများစွာက တောမီးတွေ ပိုပြီး ကြီးထွားမလာခင် ငြှိမ်းသတ်နိုင်ရေး ဇန်နဝါရီ ၁၀ ရက်ကစလို့ ကြိုးပမ်းနေကြပါတယ်။ သြစတြေးလျ အရှေ့တောင်ပိုင်းမှာ အပူလှိုင်း ဖြတ်သန်းနေချိန် စတင်လောင်ကျွမ်းတဲ့ တောမီးတွေဟာ ခြုံတောမြေ ဟက်တာ ၃၀၀၀၀၀ ကျော်အထိ ပျံ့နှံ့လောင်ကျွမ်းနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံတဝှမ်း တခြား ကြီးကြီးမားမား မီးလောင်ကျွမ်းရာ ဒေသ ၁၀ ခုမှာလည်း မီးမငြိမ်းနိုင်သေးဘူးလို့ သြစတြေးလျ အရာရှိတွေက ဆိုပါတယ်။လူနေအိမ်တွေ အပါအဝင် အဆောက်အဦ ၁၃၀ ကျော် ပျက်စီးသွားပြီး ဒေသခံ ၃၈၀၀၀ ကျော် လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရပါတယ်။
၂၀၁၉-၂၀၂၀ နွေရာသီက မီးလောင်ကျွမ်းခဲ့ပြီးနောက်ပိုင်း အခု တောမီးလောင်ကျွမ်းမှုဟာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ အဲဒီနှစ်တုန်းက တောမီးကြောင့် တူရကီနိုင်ငံလောက် ကျယ်ဝန်းတဲ့ ဒေသတွေ မီးလောင်ကျွမ်းခဲ့ပြီး လူ ၃၃ ဦး သေဆုံးခဲ့ရပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်ဝန်ကြီးချုပ် ဂျာစင်တာ အလန်က မီး ငြှိမ်းသတ်ရေး ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေ ကြိုးပမ်းနေကြတယ်လို့ ကြေညာပါတယ်။ မိမိတို့ ထိန်းချုပ်နိုင်မယ့် နေရာတွေမှာ တောမီးတွေကို ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အလန်က မြို့တော် မဲလ်ဘုန်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနိစ်က မိမိတို့နိုင်ငံဟာ အရမ်းပြင်း ထန်ပြီး အန္တရာယ်များတဲ့ မီးလောင်တတ်တဲ့ ရာသီနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဗစ်တိုးရီးယားပြည်နယ်မှာ အခြေအနေဆိုးရွားကြောင်း ပြောဆိုပါတယ်။
အဲဒီ ပြည်နယ်ရဲ့ ဒေသ အများစုကို ဘေးအန္တရာယ် ဇုန်အဖြစ် ကြေညာထားပါတယ်။ သြစတြေးလျ ပြည်သူတွေဟာ အရမ်း ခက်ခဲတဲ့ အချိန်ကာလတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ကင်ဘာရာမြို့ကနေ ပြောပါတယ်။
လောင်းဝုဒ်မြို့အနီး အကြီးမားဆုံး တောမီး လောင်ကျွမ်းမှုတွေထဲက တစ်ခုကြောင့် ခြုံပုတ်မြေ ဟက်တာ ၁၃၀၀၀၀ လောင်ကျွမ်းသွားပြီး မဲလ်ဘုန်းမြို့ မြောက်ဖက် ၁၁၂ ကီလိုမီတာ အကွာမှာ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။
အဲဒီ တောမီးကြောင့် အဆောက်အဦ ၃၀၊ စပျစ်ခြံတွေနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးသွားကြောင်း အရာရှိတွေက ပြောထားပါတယ်။ မီးလောင်ကျွမ်းနေတဲ့ ဒေသများ အနီးက လူအများအပြားကို ဘေးကင်းရာ ပြောင်းရွှေ့ထားပြီး ပန်းခြံတွေနဲ့ စခန်းချရာနေရာ အများကြီးကို ပိတ်ထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဒေသ အများစုမှာ ဇန်နဝါရီ ၉ ရက်က အပူလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အနီးအနား နယူးယောက်ဝေးလ်စ် ပြည်နယ်နဲ့ သြစတြေးလျ မြို့တော်တို့မှာ မီးလောင်ရာသီ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
Source: Reuters

