ဘန်ကောက်၊ ဇန်နဝါရီ ၁၀
ထိုင်းနိုင်ငံမှာ ဖျက်သိမ်းခံထားရတဲ့ Move Forward ပါတီရဲ့ ခေါင်းဆောင်ဟောင်း ဖိထာလင်ဂျာရိုအန်ရက် က သူ့ရဲ့အရင်က ပြောဆိုမိခဲ့တဲ့ စကားတွေအတွက် ရှေ့တန်းရောက် စစ်သားတွေကို ပြန်လည် တောင်းပန်လိုက်ပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေကို မလေးမစားလုပ်ဖို့ ရည်ရွယ်ပြီး အဲဒီလို ပြောဆိုခဲ့တာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဝတ်ထိုင်းဘုန်းကြီးကျောင်းမှာ အမေရိကန်ရှိ ထိုင်းလူမှုအသိုင်းအဝိုင်းနဲ့ တွေ့ဆုံချိန်မှာ ဖိထာက အခုလိုမျိုး တောင်းပန်လိုက်တာပါ။
ဇန်နဝါရီ ၉ ရက် တွေ့ဆုံမှုအတွင်း ဖိထာက ထိုင်းနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်မှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ပါတယ်။
အဲဒီလို ဆွေးနွေးမှုအတွင်း ၂၀၂၃ မဲဆွယ်ကာလက ပြောကြားခဲ့တဲ့ အငြင်းပွားစရာ ပြောဆိုမှု ဖြစ်တဲ့ စစ်သားတွေဟာ ဘာအတွက်လဲ ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
အဲဒီအချိန်က သူပြောခဲ့တာဟာ ဂေါက်သီးကွင်းက စစ်သားတွေကို ရည်ညွှန်းတာ ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်က စစ်သားတွေကို ဆိုလိုတာ မဟုတ်ဘူးလို့ ဖိထာက ဆိုတာပါ။
ဒါဟာ သူကိုယ်တိုင်ရဲ့ အမှား ဖြစ်ပြီး အဲဒီလို ပြောဆိုမိခဲ့တဲ့အတွက် အခုထိ နောင်တရနေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ စွန့်လွှတ် အနစ်နာခံနေကြတဲ့ ရှေ့တန်း စစ်မြေပြင်က စစ်သားတွေ၊ ရာထူးနိမ့် စစ်သားတွေနဲ့ အမှန်တကယ် ပရော်ဖက်ရှင်နယ်ကျတဲ့ စစ်သားတွေကို တောင်းပန်ချင်တယ်”လို့ မစ္စတာဖိထာက ဆိုပါတယ်။
အရင်က ပြောဆိုခဲ့တာဟာ တန်ဖိုးကြီး လက်ပတ်နာရီတွေ ပတ်နေတဲ့ စစ်သားတွေ၊ အာဏာသိမ်းရာမှာ ပါဝင်ခဲ့တဲ့ စစ်သားတွေ ဒါမှမဟုတ် ဂေါက်သီးရိုက်ကွင်းထဲက စစ်သားတွေကို ဆိုလိုတာ ဖြစ် ကြောင်း၊ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေသူတွေကို မိမိအနေနဲ့ လေးစားကြောင်းနဲ့ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်သားတွေနဲ့ မသက်ဆိုင်ကြောင်း သူက ပြောပါတယ်။
Move Forward ပါတီကို အမည်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီအပေါ် နိုင်ငံရေး ဖိအားတွေ ပိုများလာချိန်မှာ မစ္စတာဖိထာက အခုလိုမျိုး တောင်းပန်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင် ပြည်သူ့ပါတီက လူထုထောက်ခံမှု ရရှိအောင် ကြိုးပမ်း နေချိန်မှာ အခုလို တောင်းပန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Move Forward ပါတီကို ဖျက်သိမ်းလိုက်ပြီးနောက် သူ့နေရာကို ဝင်ယူထားတဲ့ ပြည်သူ့ပါတီဟာ စစ်တပ် အပေါ် ရန်လိုနေတယ်လို့ ဝေဖန်သူတွေက ဆက်လက် ပြောဆိုနေကြကြောင်း လေ့လာစောင့်ကြည့် သူတွေက ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ မကြာသေးခင်က နယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ဟာ လူထု ထောက်ခံမှု ပိုများလာချိန်မှာ ဖိထာက အခြေအနေကို ပြန်ထိန်းဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေချိန် ထိုင်းမှာ အမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီး စစ်တပ်အပေါ် လူထု ထောက်ခံမှု ပိုများလာတာနဲ့ အတူ စစ်တပ်ကို ဝေဖန်တဲ့ နိုင်ငံရေး ပါတီတွေ ထောက်ခံမှု လျော့ကျ သွားနိုင်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
Ref:Bangkokpost

