ရေး၊ ဇန်နဝါရီ ၁၀

မွန်ပြည်နယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဇန်နဝါရီ ၉ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီရဲ့ ကာကွယ်ရေးဌာနအောက်က မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF နဲ့ ရာမညရဲတပ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။

ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုအတွင်း လမ်းအသုံးပြုတဲ့ ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေကို စည်းကမ်းတကျ ရပ်နားစစ်ဆေးတာ၊ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ စိစစ်တာ၊ လုံခြုံရေးအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ ပစ္စည်းတွေ သယ်ဆောင်မှု ရှိမရှိ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ လမ်းစည်းကမ်းချက်တွေ လိုက်နာကြဖို့၊ မသင်္ကာဖွယ် အခြေအနေတွေ တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေထံ ချက်ချင်းအကြောင်းကြားဖို့ အသိပညာပေး ပြောကြားတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူလူထု လုံခြုံရေးကို အဓိကထားပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုတွေ အချိန်ကာလအလိုက် ဆက် လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မွန်တော်လှန်ရေးတပ်တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေတဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်းဖြစ်တဲ့ ရေးမြို့နယ်နဲ့ သံဖြုဇရပ်မြို့နယ်တို့မှာ စစ်ကော်မရှင်ကလာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက် ပွဲ အပိုင်း ၂ ကျင်းပသွားဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ စစ်ကော်မရှင်က အဲဒီမြို့နယ်နှစ်ခုမှာ လုံခြုံရေးအင်အား အများအပြား တိုးမြှင့်ထားပြီး မြို့တွင်းမြို့ပြင်မှာလည်း ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.