ပဲခူး၊ ဇန်နဝါရီ ၁၀
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်တပ်စခန်း ၁၄ ခုကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောကျွဲအင်းမြို့အပါအဝင် စစ်တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ တိုက်ခိုက်ချေမှုန်းခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦတွေ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းမှာ စစ်ကော်မရှင်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ ၈ ဦးကိုလည်း စိစစ်ပြီး ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
တောကျွဲအင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က မြို့မကျရေးအတွက် လေကြောင်းကနေ ဗုံးကြဲပစ်ကူပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တောကျွဲအင်းမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

