တနင်္သာရီ၊ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ ထံကနေ သိရပါတယ်။
တပ်အင်အား ၇၀ လောက်နဲ့ ခြောက်မိုင်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က တပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်ကြောင်းဟာ ခြောက်မိုင်ကျေးရွာထဲ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတချို့ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် တပ်ရင်း ၂၊ မြိတ်ခရိုင် တပ်ရင်း ၃ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာအခြေစိုက် ပြည်သူ့ကာ ကွယ်ရေးစခန်းတစ်ခု ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ခရိုင် တပ်ရင်း ၂

