မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အနေနဲ့ အချိုးကျကိုယ်စားလှယ်တွေပါတဲ့ ကော် မတီတစ်ရပ်ကနေ စစ်ဆင်ရေးတွေကို ဦးစီးကွပ်ကဲသွားမယ်လို့ တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲက တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အသိပေးကြေညာပါတယ်။
ဒါဟာ အာဏာသိမ်းမှု ၅ နှစ်တာအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပထမဦးဆုံးသော တပ်ပေါင်းစုကြီးတစ်ခု ဖြစ်သလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တပ်ပေါင်းစုဖွဲ့ဖို့ အများက တိုက်တွန်းနေချိန်မှာ ပေါ်ထွက်လာတာပါ။
တပ်ပေါင်းစုအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဗျူဟာမြောက် ခုခံတွန်းလှန်သွားနိုင်ရေး နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကြား စုစည်းညီညွတ်မှုအားကို အခြေပြုပြီး တော်လှန်ရေးကျင့်ဝတ်အပြည့်နဲ့ ပြည်သူလူထုရဲ့ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး လိုလားချက်တွေ ရရှိတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။
တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောင်းသားလက်ရုံးတပ်တော်၊ ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အဲဒီကနေ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ အားကောင်းကောင်းနဲ့ အကောင်အထည်ပေါ်လာမယ်လို့ ပြောပါတယ်။
“ဒီတပ်ပေါင်းစုဟာ ကော်မတီတစ်ရပ် ဖွဲ့စည်းထားရှိပါတယ်။ ဒီကော်မတီမှာ တပ်ပေါင်းစုမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ အချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ဖြစ်တယ်။ အဲဒီကော်မတီကနေပြီးတော့ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ စစ်ဆင်ရေးတွေကို တကယ့်ကို ကွပ်ကဲဦးစီးပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် တပ်ပေါင်းစုကနေ ဖော်ဆောင်တဲ့ စစ်ဆင်ရေးတွေ မဟာဗျူဟာကျလုပ်ငန်းစဉ်တွေဟာ အားကောင်းကောင်းနဲ့ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
တပ်ပေါင်းစု ဖြစ်လာဖို့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ညီလာခံကျင်းပနေတဲ့ ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီအပေါ် ကြိုဆိုတဲ့ အမြင်သဘောထားတွေ အားပေးထောက်ခံမှုတွေ ရှိခဲ့တဲ့အတွက် ရေရှည်မှာ NUG နဲ့လည်း ပိုပြီးတော့ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းကောင်းနဲ့ လက်တွဲသွားမယ်လို့ ကိုမင်းဟန်ထက်က ဆိုပါတယ်။
ကြေညာချက်မှာတော့ ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေရေးအတွက် အခုနှစ် မေလမှာ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့က စတင်ညှိနှိုင်းခဲ့ပြီး နိုဝင်ဘာ ပထမအပတ်မှာတော့ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီကနေတဆင့် ဘုံသဘောတူညီချက်တွေ ရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ကာ တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာ နိုဝင်ဘာ ၂၁ ရက်နေ့ကစတင်ကာ ၃ ရက်တာ ပြုလုပ်ခဲ့ပြီး တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
တပ်ပေါင်းစုထဲမှာ တိုင်းရင်းသားလူမျိုးစုအမည်ခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ချင်းညီနောင် CB၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် DPLF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) တို့ ပါဝင်နေကြတာပါ။
ဒါ့အပြင် ဗမာလူမျိုးစုအမည်ခံ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ ဗမာ့တပ်တော် BA နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တို့လည်း ပါဝင်ပါတယ်။
တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက KIA ၊ AA ၊ TNLA တို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PIA ၊ Generation Z Army GZA နဲ့ အမျိုးသားလတ်မြောက်ရေးတပ်တော် NLA တို့လည်း ပါဝင်ပါတယ်။
အညာဒေသထဲက မကွေးပြည်သူ့ကာကွယ်ရေးမတော် Magway PDF၊ စစ်ကိုင်းပြည်သူ့ကာ ကွယ်ရေးတပ်မတော် Sagging PDF ၊ ကလေးဒေသတော်လှန်ရေးတပ် KRF ၊ ယောတပ်တော် YA ၊ ယောကာကွယ်ရေးတပ် YDF ၊ 96 Soldiers PDF ၊ Force for Federal Democracy FFD နဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF လည်း တပ်ပေါင်းစုမှာ ပါဝင်နေတာပါ။
ဒီအဖွဲ့တွေဟာ နေရာဒေသအနှံ့အပြားမှာ လှုပ်ရှားနေကြတာ ဖြစ်လို့ တပ်ပေါင်းစုအနေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းမှာ ပိုအားကောင်းလာနိုင်တယ်လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။
“တပ်ပေါင်းစုအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ တပ်ပေါင်းစုဟာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။ အဲဒီလိုဆို ကျွန်တော်တို့ရဲ့ စုပေါင်းထားတဲ့ အင်အားဟာ သောင်းဂဏန်းနီးပါး ရှိတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က နေရာဒေသအနှံ့အပြားမှာ တပ်ပေါင်းစုအနေနဲ့ စစ်အင်အားအရ လက်နက်အရ ခဲယမ်းအရ နည်းပညာအရ ဒီလို ကူးလူးချိတ်ဆက်ဆောင်ရွက်မှုတွေဟာ ပိုပြီး အားကောင်းလာစရာပဲ ရှိတယ်။ဒါဟာ တပ်ပေါင်းစုရဲ့ တပ်အသီးသီးချိတ်ဆက်မှုနဲ့ ကူးလူးဆက်ဆံမှုဖြစ်တယ်။ ဒါတွေဟာ အားသာချက်တွေ အများကြီးဖြစ်ပါတယ်”လို့ ဆိုပါတယ်။
တပ်ပေါင်းစုအနေနဲ့ ညီလာခံအတွင်း တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့ တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ အသိပေးပါတယ်။
ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို ဦးစားပေးထားတာပါ။
လက်ရှိမှာ လူထုအပေါ် စစ်အုပ်စုက နည်းလမ်းမျိုးစုံနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့အတွက် တနိုင်ငံလုံး အထွေထွေလူမှုစီးပွားအကြပ်အတည်းတွေ ရင်ဆိုင်နေရပြီး အကြပ်အတည်းကနေ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက် ရေး တပ်ပေါင်းစုအားနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ လွှမ်းခြုံကွပ်ကဲမှုနဲ့ ချိတ်ဆက်မှုအားနည်းချက်တွေကို ပြင်ဆင်ပြီး မိမိတို့အဖွဲ့ အစည်းတွေဟာ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအသွင် ရပ်တည်သွားရေးနဲ့ ရှင်း လင်းပြီး ထိရောက် အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် ကတိက ဝတ်ကိုလည်း ထည့်သွင်းထားတာပါ။
တစ်ဘက်မှာ တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးတဲ့ အခြားသော နွေဦးတော်လှန်ရေးအင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်မံဖိတ်ခေါ်သွားမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည် ပေါ်လာရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SRA

