တီဟီရန်၊ ဒီဇင်ဘာ ၁၆
ပြီးခဲ့တဲ့ သီတင်းပတ်က အီရန် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမန်ဒီ ဖမ်းဆီးခံရချိန် ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ထားရကြောင်း သူ့ရဲ့မိသားစုက ပြောပါတယ်။
အရပ်ဝတ် အေးဂျင့်တွေက နံပါတ်တုတ်တွေနဲ့ ဦးခေါင်းနဲ့ လည်ပင်းကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့် အရေးပေါ်ဌာနကို နှစ်ကြိမ်တိုင် တက်ရောက်ခဲ့ရတယ်လို့ အသက် ၅၃ နှစ်အရွယ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မိုဟာမန်ဒီက သူ့မိသားစုဆီကို ဒီဇင်ဘာ ၁၅ ရက်က ဖုန်းနဲ့ ပြောကြားခဲ့ကြောင်း နာဂတ်စ် ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။

အီရန် အာဏာပိုင်တွေကတော့ အဲဒီ ပြောဆိုမှုနဲ့ပတ်သက်လို့ မှတ်ချက် မပေးသေးပေမယ့် ဒီဇင်ဘာ ၁၂ ရက်က မတ်ရှ်ဟတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနား တစ်ခု အတွင်း ရန်လိုတဲ့ ပြောဆိုမှုတွေကြောင့် သူ့ကို ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောထားပါတယ်။
သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသူတွေထဲမှာ နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီနဲ့ ဆုတံဆိပ်ရှင် ရုပ်ရှင်ဖန်တီးသူ ဂျာဖာ ပါနာဟီတို့လည်း ပါဝင်ပါတယ်။
အီရန်ရှိ လူ့အခွင့်အရေး ကာကွယ်သူများစင်တာရဲ့ဒုဥက္ကဋ္ဌ ဖြစ်သူ မစ္စစ် မိုဟာမန်ဒီဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတာကို ဆန့်ကျင်လှုပ်ရှားတာနဲ့ လူ့အခွင့်အရေး တိုးတက်အောင် ကြိုးပမ်းမှုတို့အတွက် ၂၀၂၃ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထောင်ထဲမှာ ၁၀ နှစ် နေခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက သူဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ဝါဒဖြန့် လုပ်ရပ်တွေကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ထောင် ၁၃ နှစ် ကျခံခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်လာမှာ တီဟီရန်ရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင်ကနေ ကျန်းမာရေး အကြောင်းပြချက်နဲ့ ယာယီ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
သူဟာ ဆေးကုသမှု ခံယူနေရချိန်မှာလည်း တက်ကြွလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှေ့နေ တစ်ဦးအတွက် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနာမှာ မိုဟာမန်ဒီက မိန့်ခွန်း ပြောကြားခဲပါတယ်။
သူသေဆုံးရမှုမှာ သံသယ ဖြစ်စရာကောင်းတဲ့ အချက်တွေ ရှိကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ မစ္စစ် မိုဟာမန်ဒီကို အရပ်ဝတ် ဝတ်ထားတဲ့ အေးဂျင့် ၁၅ ယောက်က ဆံပင်ကို ဆွဲတာတွေ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။
သူ့ကို ဘာအမှုနဲ့ ဖမ်းဆီးထားသလဲဆိုတာနဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားသလဲ ဆိုတာကို အီရန် အရာရှိတွေက အသိမပေးဘဲ ထားတယ်လို့လည်း မိုဟာမန်ဒီက သူ့ရဲ့ မိသားစုကို ပြောကြားခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ သူအပါအဝင် လူ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
Ref:BBC

