မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ အထိ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၄၀၀၀ နီးပါး ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
နိုင်ငံအနှံ့ တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်ကော်မရှင်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းခဲ့တာပါ။
ပြည်သူ့ စစ်မှုထမ်းဥပဒေ ပြန်လည် အသက်သွင်းပြီးနောက် စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာ လစဉ် စစ်မှုထမ်းသင်တန်းတွေကို ဖွင့်လှစ်လာတာဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ အထိ ရှိလာခဲ့တာပါ။
စစ်မှုထမ်းအပတ်စဉ် ၂၀ သင်တန်းကိုတော့ ဒီဇင်ဘာ ၁၅ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ လေ့ကျင့်ရေးတပ်မှာ သင်တန်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၀ အထိ စစ်မှုထမ်း တပ်သား ၄၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပြီး အရေအတွက်အားဖြင့် တစ်လလျှင် ၂၀၀ နီးပါး စစ်သားစုဆောင်းခံထားရတာပါ။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအတွက် လူအရေအတွက် ပြည့်မီအောင် မဖြစ်မနေ စုဆောင်းဖို့ ဖိအားပေးထားသလို မစုဆောင်းနိုင်တဲ့ သူတွေကိုတော့ အရေးယူမယ်ဆိုပြီး ခံဝန် ထိုးခိုင်းထားတယ်လို့ သိရပါတယ်။
အခုလို စစ်ကော်မရှင်ရဲ့ ဖိအားကြောင့် အုပ်ချုပ်ရေးမှူးတွေဟာ လူစားထိုး အငှားခေါ်ယူလို့ မရပါက စစ်မှုထမ်း သင်တန်း အတွက် မဲနှိုက်ခိုင်းတာ၊ မဲမနှိုက်တဲ့သူတွေကိုတော့ ဆင့်ခေါ်စာပေးပို့ပြီး ခေါ်ယူတာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် စစ်မှုထမ်း သင်တန်းအတွက် လူငယ်တွေကို ငွေပေး စည်းရုံးတာ၊ ညအချိန်မတော် အပြင်ထွက်တဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာတွေအပြင် နည်းအမျိုးမျိုးနဲ့ အတင်း အဓမ္မ စုဆောင်းနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

