ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံ အပစ်ရပ်ဖို့ မိမိကြားဝင် ညှိနှိုင်းပေးပြီးပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာ ဒီဇင်ဘာ ၁၃ ရက်က တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိခဲ့ပြီး ထိုင်းခေါင်းဆောင်က ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက် ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။
မိမိတို့ နယ်မြေတွေနဲ့ ပြည်သူတွေ အန္တရာယ် မရှိတော့ဘူးလို့ ခံစားလာရချိန်အထိ စစ်ရေး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

ကာလရှည် အငြင်းပွားနေတဲ့ နှစ်နိုင်ငံ နယ်စပ် ပြဿနာအတွင်း အပစ်အခတ်ရပ်စဲဖို့ အောက်တိုဘာလက ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ထရန့်က အနုတင်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန် မာနက်တို့နဲ့ ဒီဇင်ဘာ ၁၂ ရက် ဆက်သွယ် ဆွေးနွေးခဲ့ပြီး ပစ်ခတ် တိုက်ခိုက်မှု အားလုံး ရပ်ဆိုင်းဖို့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
ထရန့်နဲ့ ဆက်သွယ်ပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ ဘယ်ခေါင်းဆောင်ကမှ သဘောတူညီမှု တစ်စုံတစ်ရာရရှိခဲ့ကြောင်း ဖော်ပြထားတာ မတွေ့ရဘဲ အနုတင်က အပစ်အခတ် ရပ်စဲမှု မရှိဘူးလို့ ပြောကြားခဲ့တာပါ။

နှစ်နိုင်ငံကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။
ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒီမနက် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေက ပြောပြထားပြီး ဖြစ်ပါတယ်လို့ အနုတင်က ပြောပါတယ်။
မိမိတို့ အနေနဲ့ ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုတွေကနေ မိမိတို့ ပြည်သူတွေကို ကာကွယ်ပေးနေတာ ဖြစ်တယ်လို့လည်း အနုတင်က ဆိုတာပါ။
ကမ္ဘောဒီးယားအနေနဲ့ အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် အတိုင်း အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ဒီဇင်ဘာ ၁၂ရက် ဖေ့စ်ဘွတ်ခ် ကြေညာချက်မှာ ပြောထား ပါတယ်။
ဒီဇင်ဘာ ၈ ရက်ကတည်းက ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ နယ်စပ် တလျောက်ရှိ ပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုင်း တော်ဝင်လေတပ် တိုက်လေယာဉ်တွေက ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်တွေလို့ဆိုတဲ့ နေရာတွေကို ချေမှုန်း တိုက်ခိုက်နေပါတယ်။
နှစ်နိုင်ငံစလုံးမှာ စစ်ဘေးရှောင် ၇ သိန်းကျော်အထိ ရှိလာပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် ပိုများလာနေပါတယ်။
နှစ်နိုင်ငံစလုံးမှာ စုစုပေါင်းသေဆုံးသူ ၂၀ ကျော် ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းစစ်သား တစ်ယောက် နယ်စပ်မှာ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရပြီးနောက် ထိုင်းက တင်းမာမှု လျှော့ချရေး အစီအစဉ်အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
အဲဒီ မိုင်းတွေကို ကမ္ဘောဒီးယားက အသစ်စက်စက် ထောင်ထားတာ ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့တကျော့ပြန် တိုက်ခိုက်မှုများ အတွင်း ထိုင်းက ကြည်း၊ ရေ၊ လေ အင်အားတွေ အသုံးပြု တိုက်ခိုက်နေပြီး ကမ္ဘောဒီးယားကတော့ လက်နက်ကြီးတွေနဲ့ အဓိက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Ref:Agencies

