မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အမြန်ဆုံးတည်ဆောက်ဖို့ ပြည်နယ် စစ်ကော်မရှင်နဲ့ တရုတ်သံအမတ်တို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ဒီဇင်ဘာ ၁၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ဖို့၊ စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုစတဲ့ ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးခဲ့တဲ့အပြင် ချောင်းဆုံမြို့နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနေရာကို သွားရောက် ကြည့်ရှုဖို့ပါ တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားရဲ့ မွန်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်သံရုံးဘက်ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တရုတ်သံအမတ် မွန်ပြည်နယ် မလာမီ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာရှိ မင်္ဂလာသုခ ကျောင်းတိုက်မှာ ဒေသခံပြည်သူတွေနဲ့ သွားရောက်တွေ့ဆုံထားပါတယ်။

အဲဒီတွေ့ဆုံမှာ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်က အခုတည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံကို အဆင့်မြင့် နည်းပညာတွေ အသုံးပြုပြီး တည်ဆောက်မှာ ဖြစ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့ ကျန်းမာရေး လုံးဝထိခိုက်မှာမဟုတ်ကြောင်း အာမခံသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိ တည်ဆောက်သွားမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ နေရာဟာ ချောင်းဆုံမြို့နယ်ရှိ ကလွီ‌ကျေးရွာနဲ့ ဒရယ်ကျေးရွာအကြားမှာ ဖြစ်ပြီး ဓာတ်အားအနေနဲ့ ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ မွန်ပြည်နယ် စစ်ကော်မရှင်က ဆိုထားပါတယ်။

ဒေသခံတွေကတော့ ကျောက်မီးသွေး စက်ရုံကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ လူတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေအပေါ် စိုးရိမ်မှုတွေ ရှိနေပေမယ့် လက်နက်ကိုင် အုပ်ချုပ်တဲ့ စစ်ကော်မရှင်အပေါ် အရင်လို ပြောဆို မရဲကြဘူးလို့ ဆိုပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာ ကြားမှာ ဒေသခံတွေရဲ့ လယ်ယာမြေ ဧက ၅၀ ဝယ်ယူထားပါတယ်။

ချောင်းဆုံမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.