ကျောက်ကြီး၊ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ကျောက်ကြီးမြို့နယ် လိန်ပင်ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချသွားတာပါ။
အဲဒီဗုံးကြဲမှုကြောင့် အသက် ၄၆ နှစ်အရွယ် စောဖားဟော် ထိမှန်သေဆုံးခဲ့ပြီး နေအိမ် သုံးလုံး၊ ကုန်စုံဆိုင် တစ်ဆိုင်၊ လက်တွန်းထွန်းစက် နှစ်စီး ထိမှန်ပျက်စီးခဲ့ပါတယ်။
အဲဒီနေ့မှာပဲ နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေခဲစုရွာနေ အသက် ၄၇ နှစ်အရွယ် ဒေါ်ထွေးထွေး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် သုံးလုံးနဲ့ ထော်လာဂျီ တစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ကျောက်စရစ်အနောက်ဖက်ကမ်းကျေးရွာထဲကို စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲသွားတာကြောင့် သက်တော် ၇၈ နှစ်အရွယ် ဦးဇင်းဦးစန္ဒိမာ ထိမှန်ပျံလွန်တော်မူပြီး အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင်လည်း သေဆုံးခဲ့သလို အသက် ၁၃ နှစ်အရွယ် မောင်နေဇော်အောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အခုလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတွေဟာ ပစ္စည်းဥစ္စာ၊နေအိမ်နဲ့အသက်ပေါင်းများစွာပါ ထိခိုက်ပျက်စီးသေဆုံးတာအပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

