မြဝတီ၊ ဒီဇင်ဘာ ၁၃

ကျားဖြန့်လုပ်ငန်းတွေ ပြန်လည်အခြေမချနိုင်ဖို့အတွက် နယ်စပ်ဒေသတွေမှာရှိတဲ့ အဆောက်အဦးတွေကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောပါတယ်။

စစ်ကော်မရှင်က အသစ်ဖွဲ့စည်းလိုက်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျင်းပခဲ့ရာ အဲဒီဗဟိုကော်မတီရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နယ်စပ်ဒေသတွေမှာ တည်ဆောက်ထားတဲ့အဆောက်အဦးတွေအတွက် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းတွေ အသုံးအဆောင်ပစ္စည်းတွေ လူသုံးကုန်ပစ္စည်းတွေ လျှပ်စစ်မီး စက်သုံးဆီ အင်တာနက် စတာတွေကို တစ်ဖက်နိုင်ငံတွေကတစ်ဆင့် ရယူအသုံးပြုဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းဖို့အတွက် အဓိကဆောင်ရွက်မယ့်ကြီးကြပ်ရေးအဖွဲ့ လိုအပ်တာကြောင့် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာလို့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်အထိ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တရားမဝင်ဝင်ရောက်နေထိုင်သူတွေအပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ရာ နိုင်ငံခြားသား ၇၀၀၀၀ ကျော် စိစစ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အွန်လိုင်းလိမ်လည်လောင်းကစားမှုနဲ့ ရာဇဝတ်မှု(ကျားဖြန့်)တည်နေရာဖြစ်ပေမယ့် အဲဒီရာဇဝတ်မှုရဲ့ အရင်းအမြစ်နဲ့ အဓိက အကျိုးအမြတ်ရရှိသူမဟုတ်ကြောင်းနဲ့ ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခံရသူအားလုံးဟာ မြန်မာနိုင်ငံသားမဟုတ်သလို လိမ်လည်မှုကရရှိတဲ့ ငွေကြေးတွေအားလုံးဟာ မြန်မာနိုင်ငံရဲ့ဘဏ်စနစ်ထဲ ရောက်ရှိလာခြင်းမရှိဘူးလို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်ဟာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုနယ်မြေ၊ KK Park နယ်မြေနဲ့ မြဝတီမြို့ပေါ်မှာရှိတဲ့ နေရာတွေနဲ့ ရှမ်းပြည်နယ်ထဲက နေရာတချို့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်အလုပ်သမားတွေကို အများအပြားဖမ်းဆီးရရှိခဲ့သလို အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.