ဘန်ကောက်၊ ဒီဇင်ဘာ ၁၃

ထိုင်းမြေပေါ်မှာ တွေ့ရှိရတဲ့ ဒရုန်း အပျက်အစီးတွေကို လေ့လာရာမှာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ FPV ခေါ် ခါမေကာဇီ ဒရုန်းတွေနဲ့ ဆင်တူတဲ့ ဒရုန်းတွေကို ကမ္ဘောဒီးယားစစ်တပ်က အသုံးပြုနေပုံရကြောင်း တွေ့ရှိရတယ်လို့ အမှတ်၂ စစ်ဒေသရှိ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

နောက်ဆုံး တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားက ဒရုန်း အများအပြား အသုံးပြုနေကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

အူဘွန်ရက်ချဌာနီပြည်နယ် ချောင်ဘွတ်ခ်နဲ့ ချောင်အန်မာဒေသမှာ တွေ့ရတဲ့ ဒရုန်း အပိုင်းအစတွေကို လေ့လာကြည့်ရာ FPV ခေါ် ခါမေကာဇီ ဒရုန်းတွေနဲ့ ဆင်တူနေတာတွေ့ရတယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

၅ လက်မရှိတဲ့ ဖိုက်ဘာ-ကာဗွန်ဘောင်တွေ၊ အသုံးပြုထားတဲ့ ဘတ်ထရီတွေနဲ့ ဖောက်ခွဲရေးပစ္စည်း အမျိုးအစားတွေဟာ ခါမေကာဇီ ဒရုန်းတွေမှာ အသုံးပြုနေတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြောင်း ထိုင်းစစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေနဲ့ အချိန် သတ်မှတ်မှုတွေဟာ ကမ္ဘောဒီးယား နယ်နိမိတ်ထဲက လာတာ ဖြစ်ကြောင်းလည်း စုံစမ်း သိရှိထားတယ်လို့ သိရပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီ ဒရုန်း အမျိုးအစားတွေကို ကျွမ်းကျင်ပညာရှင်တွေက ကိုင်တွယ်နေတာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောဆိုပါတယ်။

ကမ္ဘောဒီးယား စစ်တပ်ကို ပြည်ပ ဒရုန်းပညာရှင်တွေက ကူညီနေပုံရကြောင်း ထိုင်းစစ်တပ်က အရင်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။

ယူကရိန်း-ရုရှား စစ်ပွဲအတွင်း အသုံးပြုနေတဲ့ FPV ခေါ် ခါမေကာဇီ ဒရုန်းတွေဟာ ဈေးကြီးပေမယ့် ဖျက်အားပြင်းတဲ့ ဒရုန်းတွေ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

တင်ပို့မှုဆိုင်ရာ တားဆီးကန့်သတ်ချက်တွေကြောင့် အဲဒီဒရုန်း အမျိုးအစားတွေကို ကမ္ဘောဒီးယားက ပြည်ပကနေ ဝယ်ယူထားတာ မဖြစ်နိုင်ဘဲ ကမ္ဘောဒီးယားနိုင်ငံထဲသို့ အရပ်သားတွေအဖြစ် ဝင်ရောက်လာတဲ့ ပြည်ပ ဒရုန်းပညာရှင်တွေက ကိုင်တွယ် အသုံးပြုနေတာ ဖြစ်နိုင်တယ်လို့ ထိုင်းအရာရှိတွေက သုံးသက်ထားပါတယ်။

ဒရုန်း တိုက်ခိုက်မှုတွေရဲ့ တိကျပုံတွေအရ လောလောလတ်လတ် လေ့ကျင့်သင်ကြားထားတဲ့ ကမ္ဘောဒီးယားစစ်သားတွေ မောင်နှင်နေတာ မဖြစ်နိုင်ဘဲ ဒရုန်း ပညာ ကောင်းကောင်း ကျွမ်းကျင်တဲ့ ပညာရှင်တွေက မောင်းနှင်နေတာ ဖြစ်နိုင်တယ်လို့လည်း ထိုင်းအရာရှိတွေက ပြောပါတယ်။

ရေဒီယိုနဲ့ ဆက်သွယ်မှုတွေအတွင်း အင်္ဂလိပ်ဘာသာစကား အသုံးပြု ဆက်သွယ်နေတာ ကြာရတယ်လို့ ထိုင်းစစ်တပ် အရာရှိတွေက ပြောကြားထားတာကြောင့် ရုရှား ဒရုန်း ပညာရှင်တွေ ကမ္ဘောဒီးယားသို့ ရောက်ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ဇူလိုင်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းကလည်း ထိုင်း လက်ထောက်ကာကွယ်ရေးဝန်ကြီးက ကမ္ဘောဒီးယားမှာ ရုရှားပညာရှင်တွေ ရောက်ရှိနေတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဒီဇင်ဘာ ၈ ရက် နောက်ပိုင်း ကမ္ဘောဒီးယားမှာ အရပ်သား ၁၁ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိုင်းဖက်မှာတော့ စစ်သား ၉ ဦး၊ အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၉၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံစလုံးမှာ စစ်ဘေးရှောင်ရသူ ၇ သိန်းကျော်အထိ ရှိလာတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားပြီးပြီလို့ ဒီဇင်ဘာ ၁၂ ရက်က ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.