မော်လမြိုင် ဒီဇင်ဘာ ၁၂
ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃ ရှိပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းကနေ လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
လတ်တလော တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ လွိုင်ကော်မြို့အတွင်းကို တခြားဒေသတွေမှာ ရောက်ရှိနေခဲ့တဲ့ စစ်ဘေးရှာင်တွေ နေရပ်ပြန်လာချိန် မရှင်းလင်းရသေးတဲ့ မြေမြှုပ်မိုင်းတွေကြောင့် အခုလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၇ ဦးထဲမှာ ခြေထောက်ပြတ်တောက်ဒဏ်ရာရသူနဲ့ မျက်လုံးထိခိုက်သူတွေ ပါဝင်နေတာပါ။ မြို့တွင်းမှာ ကျန်ရှိနေသေးတဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပြီးမှသာ ပြန်လာသင့်ကြောင့် လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ဆိုပါတယ်။
မြို့ထဲမှာ ပြန်လည် နေထိုင်နေကြသူတွေဟာလည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ခြုံထူတဲ့ လမ်းနဲ့ တောထဲ မသွားရဲကြဘူးလို့လည်း မြို့ခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့မှာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

