စစ်တွေ၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ် စစ်ကော်မရှင်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက် ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ၂ နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်နေရာတွေကို တမင်တကာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၁၅၂ ဦးသေဆုံးခဲ့ပြီး ၂၁၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းမှာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံးကြီးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးဆေးရုံကြီးတစ်ခုလုံးနီးပါး ပျက်ဆီးဆုံးရှုံးခဲ့ပြီး သုံးလသားအရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၁၆ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

မြောက်ဦးပြည်သူ့ဆေးရုံကြီးဟာ ရခိုင်ဒေသအတွင်း နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကို ဆေးကုသပေးနေတဲ့ ပြည်သူတွေ အားကိုးရတဲ့ ဆေးရုံကြီးတစ်ရုံဖြစ်ကာ အခက်အခဲမျိုးစုံကြားမှ လူမျိုးဘာသာမရွေး ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကြီးအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် အာရက္ခဒေသအတွင်း စစ်ကော်မရှင်ကျူးလွန်တဲ့အထဲမှာ “အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု၊ အပြစ်မဲ့ အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခု” ဖြစ်တယ်လို့ AA က ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ တစ်နှစ်တာနီးပါးကာလအတွင်း စစ်ကော်မရှင်တပ်က ရခိုင်ပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၉၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀၂ ဦး ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.