မော်လမြိုင် ၊ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်တာတွေ အကြီးအကျယ် လုပ်ကိုင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ ထိုင်းနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတဲ့ တရားမဝင် တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို သူတို့ရဲ့ ရာထူး အာဏာအသုံးပြုကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ပြီး မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေတာပါ။

တရားမဝင် တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို မှောင်ခို သယ်ဆောင်တဲ့ နေရာမှာတော့ စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေက သူတို့အချင်းချင်း အချိတ်အဆက်နဲ့ သယ်ယူတာ ရှိသလို တစ်ခါတလေ သူတို့ ကိုယ်တိုင်တိုက်ရိုက် သယ်ယူ ပို့ဆောင်တာတွေ လုပ်ဆောင်နေတာပါ။

ကုန်သည်တစ်ဦးကတော့ နယ်စပ်က ဖြတ်ကျော်လာတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို ကုန်သည်အများစု မသယ်ရဲ ကြတဲ့ အတွက် စစ်ကော်မရှင်တပ် အရာရှိတွေက ငွေယူပြီး မှောင်ခိုသယ်ပေးနေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက အားလုံး သိတဲ့အတိုင်းပဲလေ။ ဂိတ်တွေ ဂိတ်တွေမှာ ပစ္စည်းတွေကို အဖမ်းအဆီး ကြမ်းတော့ တော်ရုံ ဘယ်ကုန်သည်မှ မသယ်ရဲကြဘူး။ သူတို့က ဘယ်တပ်က ဘယ်သူ ဘာရာထူးဆိုတာ ပြောလိုက်ရုံပဲ။ ဘယ်သူမှ မစစ်ရဲဘူး။ အားလုံး လွတ်ပေးရတာ မသယ်ရဲတဲ့ ပစ္စည်းတွေဆိုရင် ကုန်သည်တွေက သူတို့နဲ့ ညှိပြီး ပိုက်ဆံ များများပေးပြီး ခိုင်းနေရတဲ့ ပုံစံပေါ့။ ပြောရမယ်ဆိုရင် မှောင်ခိုသယ်ပေးတဲ့ သဘောပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ ကုန်ပစ္စည်းတွေကို မှောင်ခိုသယ်ယူတဲ့ နေရာမှာ ပစ္စည်းတန်ဖိုးအပေါ် မူတည်ကာ မှောင်ခိုပစ္စည်း သယ်ယူခ ငွေကြေး အများအပြား ရရှိနေပြီး ရရှိတဲ့ ငွေကြေးတွေကိုတော့ အဆင့်ဆင့် ခွဲဝေယူ ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ကုန်သည် တစ်ဦးကလည်း တရားမဝင် ကုန်ပစ္စည်း သယ်ယူဆောင်မှုဟာ အခုနောက်ပိုင်း သိန်းထောင်ချီ ပေါက်ဈေး ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တွဲကား တစ်စီးပေါ့။ ကွန်တိန်နာ တစ်စီးကို အခုဆိုရင် သိန်း ၃၀၀၀ လောက် ဖြစ်သွားပြီ။ သယ်ခက မြဝတီကနေ ရန်ကုန်ကို ကွန်တိန်နာ တစ်ပုံးပေါ့။ စက်ရုံသုံးပစ္စည်း ဘာတွေ ညာတွေဆိုလို့ရှိရင် သိန်း ၆၀၀၀ ။ အဲဒါ ပုံမှန် ပေါက်ဈေးပဲ။ အရင်တုန်းကတော့ ၁၀၀/၂၀၀ လောက် ရှိတဲ့ဟာကနေ ပြီးတော့ အခု သိန်း ၃၀၀၀ နဲ့ သိန်း ၆၀၀၀ ဖြစ်သွားပြီ”လို့ ဆိုပါတယ်။

မှောင်ခိုပစ္စည်း သယ်ဆောင်မှုက ရရှိလာတဲ့ ငွေကြေးတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အပါအဝင် တပ်မမှူး၊ တပ်နယ်မှူးအပါအဝင် စစ်တပ်အရာရှိ အဆင့်ဆင့် ခွဲဝေယူကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

တဖက်မှာ စစ်ကော်မရှင်က ကုန်သည်တွေရဲ့ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေအပြင် ဒေသခံတွေ တစ်ပိုင်တစ်နိုင် သယ်ဆောင်တဲ့ ကားလေးတွေကအစ တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ် ဖမ်းဆီးနေတာပါ။

ဖမ်းဆီးတဲ့ နေရာမှာလည်း ထိုင်းကုန်ပစ္စည်း တရားမဝင် သယ်ဆောင်ပါက လူကို ဖမ်းပြီး ကုန်ပစ္စည်းတွေနဲ့ ကားတွေကိုပါ သိမ်းဆည်းသလို စစ်ကော်မရှင်နဲ့ နီးစပ်မှုရှိသူတွေကိုတော့ ငွေကြေး အဆမတန် တောင်းပြီး ပြန်လွတ်ပေးတာ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အားထား အသုံးပြုနေရတာ ဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ဖမ်းဆီးမှုကြောင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.