ဟမ်မီလ်တွန်၊ ဒီဇင်ဘာ ၁၂
လူနာတွေ စောင့်ရှောက်ပေးနေသူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံ လေကြောင်း တိုက်ခိုက်မှုကို ကုလသမဂ္ဂက ဒီဇင်ဘာ ၁၁ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဆေးရုံတစ်ရုံကို လေကြောင်း တိုက်ခိုက်တဲ့ သတင်းကြောင့် ကုလသမဂ္ဂက ထိတ်လန့်မိပြီး ဒါဟာ မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ကျန်းမာရေး အဆောက်အဦ တိုက်ခိုက်ခံရမှု ၆၇ ကြိမ်မြောက် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က အတည်ပြုထားကြောင်း ကုလ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် ဆေးဖက်ဆိုင်ရာ အဆောက်အဦတွေနဲ့ အရပ်သားတွေကို လေးစားပြီး ကာကွယ်ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်း အရပ်သားတွေကို ထိခိုက်သေကြေအောင် ဆက်လက် လုပ်ဆောင်နေတဲ့ အဲဒီလေကြောင်း တိုက်ခိုက်မှုမျိုးတွေကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းလည်း ကုလပြောခွင့်ရက ပြောပါတယ်။
ဒါက အရပ်သား ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို အန္တရာယ်ဖြစ်စေအောင် လုပ်ဆောင်နေတဲ့ နိုင်ငံတဝှမ်း တိုက်ခိုက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားရေးနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေအတိုင်း သူတို့ရဲ့ တာဝန်တွေကို စောင့်ထိန်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းကြောင်းလည်း သူက ဖြည့်စွက် ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်တွေ မြင့်တက်လာနေပြီလို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၆ လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး အစီအစဉ်မှာ ကလေးငယ် ၅ သန်း အပါအဝင် လူပေါင်း ၁၆ ဒသမ ၂ သန်းဟာ လာမယ့်နှစ်အတွင်း ကူညီထောက်ပံ့မှုနဲ့ အကာအကွယ် လိုအပ်မှာ ဖြစ်ကြောင်းနဲ့ ဒေါ်လာ သန်း ၈၉၀ ရန်ပုံငွေ ထောက်ပံ့ဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူပေါင်း ၃ ဒသမ ၆ သန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပြီး လူတွေ အများကြီးဟာ အကြိမ်ကြိမ် မောင်းထုတ်ခံနေကြရတယ်လို့ ကုလ ပြောခွင့်ရက ပြောပါတယ်။
မြောက်ဦး ပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၃ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီဒေသအတွင်း စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်က တစ်စုံတစ်ရာ ပြောဆိုထားတာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာလည်း လက်ဘက်ရည်ဆိုင်မှာ လူတွေ တီဗီကလာတဲ့ ဘောလုံးပွဲ ကြည့်နေချိန် စစ်တပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူတွေ ကောင်းကောင်း မနေနိုင်အောင် တော်လှန်ရေးတပ်တွေရဲ့ အုပ်ချုပ်ရေးစနစ် မလည်ပတ်နိုင်အောင် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပြီး အရပ်သားတွေ သေဆုံးနေရပါတယ်။
မြန်မာ စစ်တပ်ကို လေယာဉ်ဆီတွေနဲ့ လက်နက်တွေ ပိတ်ပင်ဖို့၊ အရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် စစ်ကောင်စီကို တရုတ်နဲ့ ရုရှား အပါအဝင် နိုင်ငံ တချို့က တိုက်လေယာဉ်တွေ အပါအဝင် အကူအညီတွေ ဆက်လက်ပေးပို့ နေကြပါတယ်။
Ref:AA

