ရန်ကုန်၊ ဒီဇင်ဘာ ၁၂
အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးတာ မပေးတာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမှာ အစိုးရ တာဝန်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင်ခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က အခုကျင်းပမယ့် ရွေးကောက်ပွဲကို ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြဖို့နဲ့ မဲမသမာမှု မဖြစ်အောင် လုပ်ဖို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပရာမှာ မဲမသမာမှုတွေ ပြုလုပ်လို့ မရနိုင်တဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM တွေနဲ့ မဲပေးနိုင်ရေး ဆောင်ရွက်ထားပြီး ရွေးကောက်ပွဲဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့တာပါ။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ပြီးပါက အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာမယ်လို့ ပြောပါတယ်။
တဖက်မှာတော့ စစ်ခေါင်းဆောင်က မဲပေးတာ မပေးတာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဖြစ်တယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာ စစ်ကော်မရှင် လက်အောက်ခံအဖွဲ့တွေက ပြည်သူတွေကို မဖြစ်မနေ မဲပေးကြဖို့ ဖိအားပေးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

