မော်လမြိုင် ၊ ဒီဇင်ဘာ ၁၃
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကျူးကျော်ဝင်ရောက်လာတဲ့ မိုးကုတ်နဲ့ မိုးမိတ်ဒေသကို နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG က ကြွေးကြော်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပုံမှန်ထုတ်လွှင့်နေကျ ပြည်သူလူ ထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့တာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်အနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်းမှာရှိတဲ့ PDF နဲ့ ပကဖ တပ်ရင်းတွေကို စုစည်းပြီး အမိန့်ပေးကွပ်ကဲမှုစနစ် တစ်ခုတည်းအောက်ကနေ စစ်ဆင်ရေးကိစ္စတွေကို စနစ်တကျ ကွပ်ကဲဆောင်ရွက်ခဲ့တာပါ။
ဒါ့အပြင် စစ်ရေးကိစ္စတွေ မစတင်ခင် ထိခိုက်လွယ် ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ ထောက်ပံ့ကူညီမှုတွေကိုပါ အချိန်နဲ့ တပြေးညီ ဆောင်ရွက်ခဲ့ကြတာပါ ဖြစ်ပါတယ်။
ပြင်ဆင်မှုတွေအားလုံး လုပ်ဆောင်ပြီးချိန် နိုဝင်ဘာ ၃၀ ရက်နေ့ ညကစပြီး ဒီဇင်ဘာ ၆ ရက်နေ့အထိ မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲ ၉ ကြိမ် ဆင်နွှဲခဲ့ပြီးနောက်မှာ ရန်သူစိုးမိုးထားတဲ့ စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
NUG ရဲ့ PDF နဲ့ ပကဖအဖွဲ့တွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူလူထုကို သတင်းစကားပါးခဲ့တာပါ။
စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က မိုးကုတ်မြို့အနေအထားနဲ့ဆိုရင် အင်အားအရ PDF တွေဘက်က စုဖွဲ့မှု ကောင်းတဲ့အတွက် လက်နက်နဲ့ ခဲယမ်းသုံးစွဲမှုအပိုင်းမှာသာ စကားပြောလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“(စစ်တပ်ဘက်က) အင်အား ၁၂၀၀ ဆိုတာ မိုးကုတ်မြို့အတွက် ပြောရရင် ရေမြေတောတောင် သဘာဝမြေအနေအထားနဲ့ တွက်မယ်ဆိုရင် ဆင်ပါးစပ်ကို နှမ်းပက်သလောက်ပဲ။ သူတို့ (စကမရဲ့ တပ်ဖွဲ့ဝင်အင်အား) ဖြန့်မှာဆိုရင် ကျဲကျဲပဲ။ ပူးပေါင်းတပ်တွေအနေနဲ့ စပြီး သူတို့ ခြေကုပ်ဘယ် လောက်အထိ ယူနိုင်မလဲ၊ သူတို့ရဲ့ ခြေကုပ်နေရာတွေကို ဆက်တိုက် တိုက်ခိုက်နေလို့ ရတယ်။ဒါပေမယ့် မြို့သိမ်းတိုက်ပွဲဆင်ဖို့ အထိကတော့ အဓိကက မန္တလေး PDF တွေမှာ အင်အားစုဖွဲ့မှု ကောင်း ကောင်းတော့ ရှိတယ်။ အဓိက သူတို့မှာ အသုံးပြုမယ့် ခဲယမ်းနဲ့ လက်နက်အမျိုးအစားဘက်မှာ သွားပြီးတော့ စကားပြောမယ်“လို့ ဆိုပါတယ်။
နယ်မြေအခြေအနေကိုလည်း နှံ့စပ်သိကျွမ်းသလို စိတ်ဓာတ်ရေးရာမှာလည်း PDF တွေဘက်က အလေးသာနေပြီး စစ်တပ်ဘက်က လေကြောင်းအရေးသာမှုနဲ့ လက်နက်ကြီး ပစ်ခတ်နိုင်မှုတွေသာ ရှိနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ဒါကြောင့် PDF တွေအနေနဲ့ လက်နက်ကြီးပစ်ကူတွေကို ဗျူဟာကျကျ နေရာချပြီး ခဲယမ်းတွေကို လုံလုံလောက်လောက် ရရှိထားနိုင်မယ်ဆိုရင် မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်မယ့် အနေအထားလို့ CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။
မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းတပ် TNLA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့ကြတာပါ။
ဒါပေမယ့် တရုတ်အစိုးရရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုနဲ့အတူ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဒေသကို TNLA က ပြန်လည်ဆုတ်ခွာပေးခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့တွေကတော့ အစွမ်းကုန် ကာကွယ်မယ်လို့ အသိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းမှာ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်တဲ့ ကြားဝင်ညှိနှိုင်းဆွေးနွေးမှုအတွင်း TNLA နဲ့ စစ်တပ်တို့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုအတွင်း အပစ်ခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် စစ်တပ်က တအာင်းဒေသကို လေကြောင်းဗုံးကြဲတာနဲ့ ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပေးဖို့ သဘောတူခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်ဒေသကို နိုဝင်ဘာနှောင်းပိုင်းမှာ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MDY PDF

