ဘန်ကောက်၊ ဒီဇင်ဘာ ၁၂

ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ သီတင်းတစ်ပတ်နီးပါးကြာ ထပ်မံ ဖြစ်ပွားနေပြီးနောက် ထိုင်းဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး လာမယ့် ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ကြေညာတဲ့ နန်းတော်အမိန့် ကြေညာချက်မှာ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် က လွန်ခဲ့တဲ့ သုံးလ သူ့ရဲ့ လူနည်းစုအစိုးရ တာဝန်ယူပြီးနောက်ပိုင်း ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ နယ်စပ် ပြဿနာနဲ့ တခြား စိန်ခေါ်မှုတွေကို အကြောင်းပြပြီး လွှတ်တော်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

သင့်တော်တဲ့ ဖြေရှင်းနည်းကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒါက နိုင်ငံရေး အာဏာကို ပြည်သူတွေဆီ ပြန်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် အနုတင်က ဆိုတာပါ။

စီးပွားရေးလုပ်ငန်းရှင် သူဌေး တစ်ယောက် ဖြစ်တဲ့ အနုတင်ဟာ ၂၀၂၃ ခုနှစ်သြဂုတ်လ နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ တတိယမြောက်ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စပြီး အာဏာရလာချိန်က သူ့အနေနဲ့ ဇန်နဝါရီလအကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ အခုအချိန်မှာ အယုံအကြည်မရှိ အဆိုနဲ့ ရင်ဆိုင်ရဖို့ သေချာလာချိန်မှာတော့ ဝန်ကြီးချုပ် အနုတင်က ရွေးကောက်ပွဲကို ရှေ့တိုး ကျင်းပဖို့ ပြင်ဆင်လိုက်ပါတယ်။

ပြီးခဲ့တဲ့လက လူ ၁၇၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ထိုင်းတောင်ပိုင်း ရေဘေးကို စီမံခန့်ခွဲပုံနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီတို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

ကမ္ဘောဒီးယားနဲ့ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားပြီ လူ ၂၀ သေဆုံးမှုနဲ့အတူ လူ ၅ သိန်းလောက် စစ်ဘေးရှောင်နေရတဲ့အချိန်မှာ လွှတ်တော် ဖျက်သိမ်းမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အစိုးရက နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အရေးကြီးကိစ္စတွေကို အလျင်အမြန် ဖြေရှင်းဖို့ လုပ်နိုင်သမျှ အားလုံး လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံလည်ပတ်ဖို့က တည်ငြိမ်မှု လိုအပ်တယ်လို့ အနုတင်က ဘုရင် မဟာ ဗီဂျီရာ လောင်ကွန် လက်မှတ်ထိုးထားတဲ့ အမိန့်ကြေညာချက်မှာ ပြောကြားထားပါတယ်။

လွှတ်တော်တွင်း အကြီးမားဆုံး ပါတီလည်း ဖြစ်ပြီး အရင်က အနုတင်ကို ဝန်ကြီးချုပ် အဖြစ် ထောက်ခံတဲ့တဲ့ လူငယ်တွေ များတဲ့ တိုးတက်ရေး ပြည်သူ့ပါတီရဲ့ ထောက်ခံမှု ဆုံးရှုံးလိုက်ရပြီးနောက် လွှတ်တော်ဖျက်သိမ်းမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ပါတီနဲ့ ရှေးရိုးဆန်တဲ့ လက်တွေ့ကို ပိုအလေးထားတဲ့ ဘွန်ဂျိုင်ထိုင်းပါတီတို့ဟာ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ဆန့်ကျင်ဖက်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အတိုက်အခံ အစုအဖွဲ့ရဲ့ ထောက်ခံမှုကလည်း တောင်းဆိုမှုတွေ အများကြီးနဲ့ ရရှိထားတာ ဖြစ်ပါတယ်။

အတိုက်အခံတွေက စစ်တပ်ရေးဆွဲထားတဲ့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်စေလိုပြီး လွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းတာ အပါအဝင် တခြားတောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဘွန်ဂျိုင်ထိုင်းပါတီဟာ အဲဒီ သဘောတူညီမှုကို အလေးထားဖို့ ပျက်ကွက်တယ်လို့ ပြည်သူ့ ပါတီက စွပ်စွဲထားပြီး ဒီဇင်ဘာ ၁၂ ရက်မှာ အယုံအကြည်မရှိ အဆို တင်သွင်းမယ်လို့ ပြောထားကြောင်း ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဝန်ကြီးချုပ် နှစ်ဦး ထုတ်ပယ်ခံရမှုနဲ့အတူ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အရင်က နယ်စပ် အငြင်းပွားမှုအတွင်း လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ဖုန်းကနေ ဆက်သွယ်ပြောဆိုရာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း ပေသွန်ထန်က သူ့ကို ဦးလေးလို့ ခေါ်ဝေါ်ပြီး ထိုင်းစစ်တပ်ကို ဝေဖန်ခဲ့ပြီးနောက် တရားရုံးက ပေသွန်ထန်ကို ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ပေသွန်ထန် မတိုင်ခင် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ဟာလည်း ထောင်ကျဖူးတဲ့ ရှေ့နေဟောင်း တစ်ဦးကို သူ့ရဲ့ အစိုးရအဖွဲ့ဝင် အဖြစ် ခန့်ထားမှုကြောင့် ကျင့်ဝတ်ချိုးဖောက်မှုနဲ့ပဲ တရားရုံးရဲ့ ထုတ်ပယ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.