မြိတ်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကော်မရှင်ယာဉ်တန်း မိုင်းဆွဲခံရပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်ကိုလာတဲ့ ကားခုနစ်စီးပါ စစ်ကော်မရှင်ယာဉ်တန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ညောင်ပင်ကုန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အချိန်မိနစ်နှစ်ဆယ်နီးပါးအကြာနှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကား ခုနှစ်စီးထဲက နှစ်စီးမှာ အဲဒီနေရာမှာပဲ ထိခိုက်ပျက်စီးခဲ့သလို နောက် တစ်စီးမှာ မီးလောင်ရင်း မောင်းပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ကျွန်းစုမြို့နယ် ပကဖ၊ တနင်္သာရီမြို့နယ် ပကဖ၊ Dragon Square ဒရုန်းလက်ရုံးတပ်၊ KNLA တပ်ရင်း (၁၁) ၊ ဗိုလ်ခရင်းတပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လတ်တလော မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကော်မရှင်တပ် အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာကြောင့် ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ပြည်သူတွေအနေနဲ့ ညပိုင်း ခရီးသွားလာတာ မပြုကြဖို့ မြိတ်ခရိုင်ပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.