မော်လမြိုင် ၊ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတချို့ မဲဆွယ်စည်းရုံးပွဲတွေမှာ လိုက်ပါဖို့အတွက် နေ့စား ခေါ်ယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံး ခွင့်ပြုထားတာပါ။
မဲဆွယ်စည်းရုံးကာလအတွင်း အရင်လို ပါတီတွေကို ဝန်းရံလိုက်ပါသူတွေ နည်းပါးနေတာကြောင့် ပါတီတချို့ဟာ အင်အားပြဖို့အတွက် နေ့စားခေါ်ယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ နိုင်ငံရေးပါတီတချို့ဟာ သူတို့ ပါတီ မဲဆွယ်စည်းရုံးမှုတွေမှာ နောက်က လိုက်ပါ ပါက ပါတီဝတ်စုံတွေအပြင် ပိုက်ဆံပါ ပေးမယ်ဆိုပြီး နေ့စား ခေါ်ယူမှုတွေ ရှိနေတာကြောင့် ရပ်ကွက်အတွင်းမှာ အလုပ်အကိုင် မရှိသူတွေ လိုက်ပါဆောင်ရွက်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ အရပ်ထဲမှာ ပါတီတချို့ပေါ့နော်။ သူတို့ မဲဆွယ်တဲ့ နေရာတွေကို အနောက်က လိုက်ဖို့ဆိုပြီး နေ့စား ခေါ်တာပေါ့။ သူတို့ ပြောတာတော့ ပါတီအင်္ကျီတွေ ဦးထုပ်တွေ ရမှာပေါ့။ ပြီးရင် ထ မင်းလည်း ကျွေးမယ်။ နောက်ပြီး ပိုက်ဆံလည်းပေးမယ်ဆိုပြီး ပြောတာပေါ့။ အရပ်ထဲမှာတော့ အရက်သမားတို့ အလုပ်အကိုင် မရှိတဲ့သူတို့ကတော့ ပိုက်ဆံရရင် ပြီးရောဆိုပြီး လိုက်တဲ့သူတွေ ရှိတာပေါ့”လို့ ဆိုပါတယ်။
ပါတီတွေကို ဝန်းရံဖို့အတွက် နေ့စားခေါ်ယူတဲ့ နေရာမှာ အသက်အရွယ်အလိုက် ကျပ် ၁၀၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ ပေးပြီး ခေါ်ယူတာရှိသလို တချို့တွေကိုတော့ နောက်နေ့ မလိုက်မှာစိုးရိမ်တဲ့အတွက် တစ်ရက်စာ ကြိုတင်ငွေ ထုတ်ပေးတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုအရ မဲဆွယ်ပွဲလိုက်ဖို့ နေ့စားခေါ်ယူမှုကို အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကအစ ခေါ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မဲဆွယ် စည်းရုံးပွဲမှာ ဝန်းရံဖို့အတွက် နေ့စား ခေါ်ယူမှုဟာ ပါတီဝင်တွေက သူတိုရဲ့ လုံခြုံရေး အ ကြောင်းပြချက်နဲ့ လိုက်ပါတာ မရှိတာကြောင့် ဖြစ်ပြီး လက်ရှိမှာလည်း ပါတီအများစုဟာ မြို့ပေါ် ရပ်ကွက်တွေလောက်မှာသာ မဲဆွယ် စည်းရုံးနေကြတာပါ။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-USDP

