မော်လမြိုင် ၊ ဒီဇင်ဘာ ၁၁

ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် နီးကပ်လာတာနဲ့မျှ မြန်မာပြည်တောင်ပိုင်းဒေသမှာ စစ်ကော်မ ရှင်တပ်ရဲ့ ဦးတည်တိုက်ခိုက်မှု ဆက်လက်မြင့်တက်နေတယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရာမညအင်စတီကျူ သုတေသနဌာန RICE အဖွဲ့ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

RICE အဖွဲ့ရဲ့ လက်လှမ်းမီတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးအပြင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်တို့မှာ တွေ့ရှိခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့ အရပ်သားထိခိုက်မှု အခြေအနေတွေကို အစီရင်ခံထားတာပါ။

စစ်ကော်မရှင်တပ်ရဲ့ ဦးတည်တိုက်ခိုက်မှုတွေထဲမှာ လက်နက်ကြီးပစ်ခတ်မှု ၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ပါတယ်။

မြို့နယ်အလိုက်ကြည့်မယ်ဆိုရင် သထုံမြို့နယ်မှာ တိုက်ခိုက်မှု ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၃ ကြိမ်နဲ့ ဒရုန်းတိုက် ခိုက်မှု ၂ ကြိမ် ပါဝင်ပါတယ်။

ဒါ့အပြင် ရေးမြို့နယ်မှာလည်း လက်နက်ကြီးပစ်ခတ်မှု ၃ ကြိမ်၊ ကော့ကရိတ်မြို့နယ်မှာ လက်နက် ကြီး ၂ ကြိမ်နဲ့ ရေဖြူမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းတိုက်ခိုက်မှု တစ်ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ RICE အဖွဲ့ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။

မြေမြှပ်မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘီးလင်းမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့မှာ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူတွေရဲ့ အိုးအိမ်ဆုံးရှုံးမှုမှာတော့ ရေးမြို့နယ်မှာ နေအိမ်သုံးလုံးနဲ့ ရေဖြူမြို့နယ်မှာတော့ သာသနာအဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာတော့ ရေးမြို့နယ်က ၅ ကြိမ်၊ ကော့ကရိတ်မြို့နယ်က ၅ ကြိမ်နဲ့အထက် ရှိခဲ့ပြီး ရေဖြူမြို့နယ်မှာတော့ ၂ ကြိမ်ထက်မနည်း ရှိခဲ့တာကြောင့် စစ်ဘေးရှောင်အရပ်သား ၇၀၀ အထက် ထပ်တိုးလာတယ်လို့ RICE က ဆိုပါတယ်။

တစ်ဘက်မှာ အရပ်သားတွေအပေါ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ကြည့်ရင် ကျိုက်ထို၊မော်လမြိုင်၊ချောင်းဆုံ၊ရေး၊ကော့ကရိတ်နဲ့ရေဖြူမြို့နယ်တို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၇၀ နီးပါးအထိ ရှိနေတာပါ။

အဲဒီထဲမှာ ရေးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့မှာ အရပ်သား ၂၈ ဦးစီ အများဆုံး ဖမ်းဆီးခံခဲ့ရပြီး ကျိုက်ထိုမြို့နယ်မှာတော့ ဖမ်းဆီးခံထားရတဲ့ လူငယ် သုံးဦးထဲက နှစ်ဦးကို စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။

ဒါ့အပြင် ရေဖြူမြို့နယ်မှာတော့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး နဲ့ မော်လမြိုင်မြို့နယ်က အရပ်သား ၃ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါသေးတယ်။ချောင်းဆုံမြို့နယ်က အရပ်သားတစ်ဦးကိုလည်း ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားတာပါ။

ဒီအချက်အလက်တွေကို RICE အဖွဲ့အနေနဲ့ လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားတာဖြစ်ပြီး မြေပြင်ဖြစ်စဉ်တွေအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးသလို အချက်အလက်အကန့်အသတ်တွေ ရှိနေနိုင်ကြောင်းကိုလည်း အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.