မော်လမြိုင် ၊ ဒီဇင်ဘာ ၁၁
အာဏာသိမ်း စစ်အုပ်စုအပေါ် ယုံကြည်စိတ်ချရမှု တစ်စုံတစ်ရာ ပေးစွမ်းတဲ့ ပါဝင်ဆောင်ရွက်မှု အားလုံးကို ရပ်တန့်ပေးရေးနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေထံ စုစည်းခိုင်မာတဲ့ ထောက်ခံမှု ပေးအပ်ရေး နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အရေးတ ကြီး တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ CRPH က ပြစ် ဒဏ်ကနေ ကင်းလွတ်ခွင့်ကို ဆန့်ကျင်ရပ်တည်ခြင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ခြင်းဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းချက်တွေ အောင်မြင်စေဖို့ NUG၊ CRPH နဲ့ စစ်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တရားဝင် အသိအမှတ်ပြုခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကိုလည်း နိုင်ငံတကာက ထောက်ခံပေးဖို့ တောင်းဆိုတာပါ။
ဒီမိုကရေစီလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်တဲ့ ပံ့ပိုးကူညီမှုနဲ့သာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်ပြီး ဆင်းရဲဒုက္ခတွေကို အဆုံးသတ်နိုင်မှာဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ကျင့်သုံးနိုင်မယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ ခိုင်မာစွာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုရင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတကာက ပြတ်ပြတ်သားသား အရေးယူပေးဖို့ကိုလည်း CRPH က အရေးတကြီး တောင်းဆိုထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းချိန်ကစပြီး စစ်တပ်ဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဆက်မပြတ် ကျူးလွန်ခဲ့ပြီး သူတို့ရဲ့ လုပ်ရပ်တွေဟာ လူ့ဂုဏ်သိက္ခာကို စနစ်တကျ စော်ကားမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
မတရားဖမ်းဆီးမှုတွေ၊ ထိန်းသိမ်းခံထားရချိန် ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သေဆုံးမှုတွေ၊ အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်စေမှုတွေ၊ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းမှုတွေ၊ တရားလက်လွန်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအပြင် လေကြောင်းဗုံးကြဲမှုတွေ ပါဝင်ပါတယ်။
ဆယ်စုနှစ်များစွာတိုင်အောင် စစ်အာဏာရှင်တွေဟာ လူသတ် လိုင်စင်ကို ရယူကာ ပြစ်ဒဏ်ကျခံရခြင်းကနေ လုံးဝကင်းလွတ်စွာ ကျူးလွန်ခဲ့ကြပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ပိုမိုဆိုးရွားစွာ ပြင်းထန်လာခဲ့တာပါ။ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်သံသရာကို အဆုံးသတ်နိုင်ခြင်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်လို့ CRPH က ထောက်ပြပါတယ်။
ငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ သူတို့ရဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် အဓိကဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်လာပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်ကို ဆန့်ကျင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို ထောက်ပံ့ပေးနေတာလို့ အသိပေးတာပါ။
အဲဒီ ရာဇဝတ်လုပ်ငန်းတွေကို စစ်တပ်နဲ့ မဟာမိတ်လက်နက်ကိုင်အုပ်စုတွေက အရေးယူနှိမ်နှင်းတာဟာ အပြီးအပိုင်ဖယ်ရှားပစ်ဖို့ လုပ်ဆောင်တာမဟုတ်ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ မျက်နှာသာရရှိရေးအတွက် ဟန်ပြကြိုးစားပြခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေက အဲဒီ ရာဇဝတ်ကွန်ရက်တွေ၊ ငွေလိမ်လုပ်ငန်းတွေကို အကာအကွယ်ပေးတာ၊ အထောက်အပံ့ပြုတာ၊ အကျိုးအ မြတ်ရယူတာတွေမှာ ဆက်နွယ်နေတဲ့ စစ်တပ်နဲ့ မိတ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထား ဖြိုဖျက်ပစ်ရမယ်လို့ ထောက်ပြပါတယ်။
တစ်ဘက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ မိမိတို့ ကိုယ်စားပြုထားတဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးဟာ အာဏာသိမ်းစစ်တပ်ရဲ့ စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ထားတာပါ။
နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထားမှုတွေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ စစ်အုပ်စုအတွက် တရားဝင်မှု ရရှိရေး ဖန်တီးဖို့ ရည်ရွယ်တဲ့ လိမ်လည်လှည့်ဖြားမှုလို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကို ဦးတည်စေမှာ မဟုတ်ဘဲ ပဋိပက္ခကို ပိုမို နက်ရှိုင်းစေပြီး ပြည်သူတွေရဲ့ ဒုက္ခတွေကို ကြာရှည်စေမယ့် လှည့်စားမှုတစ်ခုဖြစ်တာကြောင့် ဒီမိုကရေစီ မဆန်တဲ့ မျှတမှုမရှိတဲ့ အခြေအနေကို မူအနေနဲ့ ငြင်းပယ်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခိုင်မာစွာ ရပ်တည်ပေးဖို့ CRPH က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

