သထုံ၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် မြဝတီမြို့နယ်ကနေ ပြန်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို သထုံခရိုင်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ကျားဖြန့်လုပ်ငန်းတွေကို သက်ဆိုင်ရာ ရဲစခန်းနဲ့မြို့နယ်ရုံးတွေမှာ နှစ်ပတ်နီးပါးအကြာ ထိန်းသိမ်းထားပြီးနောက် အထက်အမိန့်အရ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သားတွေရဲ့ နေထိုင်စားသောက်ရေးတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက တာဝန်ယူကျွေးမွေးရတာကြောင့် နှစ်ပတ်တာကာလအတွင်း ကုန်ကျစရိတ် အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကျားဖြန့်လုပ်သားတွေထဲမှာ ဗမာစကား မပြောတတ်သူ အများအပြား ပါဝင်ပြီး မိုင်းလား၊ ဝပြည်နယ်အတွင်း နေထိုင်သူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် မြန်မာအပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်သား အများအပြား အစုံလိုက် အပြုံလိုက် ထွက်ပြေးနေကြတာပါ။

လက်ရှိမှာလည်း စစ်ကော်မရှင်ဟာ BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.