မြိတ်၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်း မြိတ်မြို့နယ်နဲ့ ကော့သောင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းမကြီးပိုင်းမှာ ညပိုင်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
အဲဒီပြည်ထောင်စု ကာလမ်းမကြီးပိုင်းကို ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာတာ မပြုကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ထားတာပါ။
ဒီလမ်းပိုင်းကို အသုံးပြုပြီး စစ်ကော်မရှင်တပ်က ကုန်တင်ကားတွေအပြင် အရပ်သားကားတွေနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ပိတ်ပင်ရတာဖြစ်တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မောတောင်နယ်စပ်စခန်း ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ အဲဒီလမ်းပိုင်းကို အသုံးပြုပြီး အင်အားဖြည့်တင်းနေတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ မြိတ်မြို့မှ ကော့သောင်းမြို့အထိ ပြည်ထောင်စုလမ်းမကြီးပိုင်းမှာ ညပိုင် ခရီးသွားလာတာ လုံး၀ မပြုလုပ်ကြဖို့နဲ့ ခရီးသွားလာခွင့်ပြုမယ့် ကာလကို ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

