မော်လမြိုင် ၊ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တွေ ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မရှိတဲ့အချိန်မှာ စစ်တပ်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြောပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ စစ်ကော်မရှင် ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ကို ရောက်ရှိခဲ့ချိန် ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
စစ်တပ်အနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ခေတ်အဆက်ဆက် သမိုင်းကြောင်းတွေအရ ပါဝင်ခဲ့ရပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဆက်လက်ပါဝင်နေရဦးမယ်လို့ ဆိုပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံတော်ကာကွယ်ရေးကနေ တတိုင်းပြည်လုံးကို နေရာတကာ ဝင်ပါနေတာမျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တိုင်းရင်းသားတွေ လက်နက်ကိုင်ထားတယ်ဆိုတာ သူတို့ရဲ့ လွတ်လပ်ခွင့် တည်ရှိခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါတွေကို အာမခံနိုင်မှု မရှိတဲ့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ ဒါကြောင့် စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍဆိုတာ တန်းတူညီမျှရေးတို့ သူတို့ရဲ့ (တိုင်းရင်း သားတွေရဲ့) တည်ရှိမှု ဖြစ်တည်မှု ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါတွေကို အာမခံနိုင်မှသာလျှင် အမျိုးသားနိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကို တကယ် တာဝန်ကျေရာ ရောက်တယ်။ အခုက စစ်တပ်ပြောနေတဲ့ ပုံစံက အမျိုးသားနိုင်ငံရေးဆိုပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဂျူတီဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကနေပြီးတော့ တတိုင်းပြည်လုံးကို နေရာတကာဝင်ပြီး ပါနေတာမျိုးကို လုပ်ချင်တာ”လို့ ဆိုပါတယ်။
စစ်တပ်စိတ်တိုင်းကျ ရေးဆွဲပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆ (စ) အရ နိုင်ငံ တော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တယ်လို့ ထည့်သွင်းထားတာပါ။
ဒါကြောင့် အဲဒီဥပဒေကို အခြေခံပြီး ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ စစ်တပ်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းဟာ ပြည်သူလူထုရဲ့ ရွေးကောက်ခံစရာမလိုဘဲ တပ်ချုပ်ရဲ့ ရွေးချယ်ခန့်အပ်မှုနဲ့ လွှတ်တော်ထဲ ဝင်ရောက်နေရာယူထားတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ စစ်တပ်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ဖို့ ဖြစ်ပေမယ့် ခေတ်အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ ပြည်တွင်းသောင်း ကျန်းမှု နှိမ်နင်းရေးအခန်းကဏ္ဍမှာလည်း ပါဝင်နေရတာလို့ ပြောပါတယ်။
လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတူ တကွ ပူးပေါင်းပြီး တိုက်ဖျက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးခေါင်းစဉ်နဲ့ နှိမ်နင်းနေတာပါ။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ လက်တွေ့မကျဘဲ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေးအဝန်းအဝိုင်း တည်ဆောက်နိုင်ဖို့ လိုတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ကိုမင်းသွေးသစ်ကတော့ အာမခံချက် မရှိဘဲ ကိုယ့်အဖွဲ့အစည်း ကိုယ့်လူမျိုးစု ကိုယ့်ဒေသကို ကာကွယ်ဖို့ ဘယ်သူမှ လက်နက်စွန့်ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“တကယ်တမ်းက ဒါက ပြဿနာရဲ့ အဖြေမဟုတ်သလို လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ် အခြေအနေနဲ့လည်း လက်တွေ့ မကျပါဘူး။ ဘယ်တော့မှလည်း အာမခံချက် မရှိဘဲနဲ့ ဘယ်သူမှလည်း ကိုယ့်ရဲ့ အဖွဲ့အစည်း ကိုယ်ကိုင်ထားတဲ့ လက်နက် ကိုယ့်ရဲ့ တိုင်းရင်းသားပြည်သူ ကိုယ့်လူမျိုးစု ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက် ဘယ်သူမှ လက်နက်စွန့်ကြမှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
တစ်ဘက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားတဲ့အတွက် အဲဒီကနေ ပေါ်ပေါက်လာတဲ့ အစိုးရကနေ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်သွားမယ့် သဘောမျိုး ရှိနေတာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ၄၃ ချက်ကို ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ၊ မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကနေ ရရှိခဲ့တဲ့ ရလဒ်တွေပါ။
ဒါပေမယ့် ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ရဲ့ ပုဒ်မအလိုက် အသေးစိတ် အကြောင်းအရာတွေကို ထုတ်ပြောထားတာ မရှိသေးသလို နိုင်ငံရေးမှာ ပါဝင်နေတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဘက်က နှုတ်ဆိတ်နေကြပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော် လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို တိုက်ပွဲဝင် ဖော်ဆောင်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

