တနင်္သာရီ၊ ဒီဇင်ဘာ ၉

အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ တနင်္သာရီတိုင်းရှိ မြို့နယ် ခုနှစ်မြို့နယ်မှာ အလုံးစုံ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်၊ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ကျင်းပသွားဖို့ စီစဉ်ထားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ ရေဖြူ၊ ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တို့မှာ အပိုင်း ၂ အဖြစ် ကျင်းပသွားဖို့ စီစဉ်ထားတာပါ။

ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ မြို့နယ် ၇ ခုမှာ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၂၃၀ ဝန်းကျင်ရှိပြီး အပိုင်း ၁ မှာ ကျေးရွာအုပ်စု ၃၈ အုပ်စုနဲ့ အပိုင်း ၂ မှာ ကျေးရွာအုပ်စု ၄၆ အုပ်စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံက ဒီကျေးရွာအုပ်စုတွေဟာ စစ်ကော်မရှင်ဘက်က လုံးဝ မထိန်းချုပ်နိုင်တာကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့နယ် ရှိပြီး အဲဒီထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပုလော၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို စစ်ကော်မရှင်ဘက်က မကြေညာနိုင်သေးပါဘူး။

တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ ပုလော၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တို့မှာ စစ်ကော်မရှင်ဘက်က မြို့ပေါ်လောက်သာ ကွက်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး ကျေးရွာအုပ်စု အများစုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းရှိ တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ သဘောထားကြေညာချက်တွေ ထုတ်ပြန်ထားပြီး စစ်ကော်မရှင်ကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – DMSCD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.