ဘန်ကောက်၊ ဒီဇင်ဘာ ၉

ကမ္ဘောဒီးယားက ဒရုန်း ထိန်းချုပ်ရေး စင်တာအဖြစ် အသုံးပြုနေတဲ့ နယ်စပ် ကာစီနိုရုံ အဆောက်အဦကို ထိုင်း အက်ဖ် ၁၆ တိုက်လေယာဉ် တစ်စီးက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် အခုအချိန်မှာ ထိုင်းလူနေဒေသတွေကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည် အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ထိုင်းတော်ဝင်လေတပ်က ပြောပါတယ်။

အူဘွန်ချက်ဌာနီ ဒေသ တစ်ဖက် နယ်စပ်ရှိ ကာစီနိုရုံ အဆောက်အဦကို ထိုင်း အက်ဖ်-၁၆ တိုက်လေယာဉ် တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်ထိုင်း ဆူဗာရီက အဲဒီ အဆောက်အဦဟာ ကမ္ဘောဒီးယားစစ်တပ်က ကွပ်ကဲရေး စင်တာအဖြစ် အသုံးပြုနေတဲ့ အဆောက်အဦဖြစ်တယ်လို့ နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ကမ္ဘောဒီးယား စစ်တပ်ရဲ့ စတင် တိုက်ခိုက်မှုဟာ ထိုင်းကို အန္တရာယ် ကျရောက်အောင် တမင်တကာ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရုံက လွဲပြီး အခြား ရွေးချယ်စရာ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဝင်ထိုင်းက တုံ့ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းအထိ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး ထိုင်းဝန်ကြီးချုပ် အနုတင်က မိမိတို့ရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ ကာကွယ်ရေး လိုအပ်တာ အားလုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

ထိုင်းလေတပ်က ကမ္ဘောဒီးယား ဒုံးကျည် အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းနေတာကြောင့် နှစ်နိုင်ငံစစ်သားတွေရော အရပ်သားတွေအတွက်ပါ ပြင်းထန်တဲ့ အန္တရာယ် ရှိနေပါတယ်။

ကမ္ဘောဒီးယားရဲ့ပစ်ကူပေးတဲ့စနစ်ကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် ညက ထိုင်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှတွေကြောင့် အရပ်သား ၂ ဦး ထပ်မံ သေဆုံးပြီး မိမိတို့ဖက်က သေဆုံးသူ ၇ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားက ပြောပါတယ်။

ထိုင်းကတော့ နှစ်ဖက် တိုက်ပွဲတွေကြား စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွက် သဘောတူညီမှု ချိုးဖောက်တယ်ဆိုပြီး နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲထားကြပါတယ်။

အခုသီတင်းပတ် တိုက်ခိုက်မှု မတိုင်ခင် ဇူလိုင်လက နယ်စပ် တိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးရာက အစပြုပြီး ဖြစ်ပွားခဲ့တဲ့ ၅ ရက်ကြာ တိုက်ခိုက်မှုတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။

ထိုင်းတော်ဝင် စစ်တပ်က ဒီဇင်ဘာ ၉ ရက်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ကြောင်း အတည်ပြုထားပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲမှု အလုပ်မဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပြီး ကမ္ဘောဒီးယားက သဘောတူညီမှု စတင်ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပြည်တွင်း အကျိုးစီးပွားတွေကြောင့် စစ်ရေးလမ်းကြောင်းကို ရွေးချယ်နေတာ ဖြစ်ပြီး အမျိုးသားရေးဝါဒက လောင်စာ ဖြည့်ပေးသလို ဖြစ်နေတယ်လို့ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ သီတီနန်က ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.