ရေး၊ ဒီဇင်ဘာ ၅

တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြေပြင်ကွင်းဆင်းပြီး မဲဆွယ်ရဲတဲ့ ပါတီ မရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကာလကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၅ ရက်နေ့အထိ ရေးမြို့နယ်မှာ နိုင်ငံရေးပါတီတွေက မဲဆွယ်ဆိုင်းဘုတ် ထောင်တာ၊ မြေပြင်ဆင်းပြီး မဲဆွယ်တာ လုံးဝ မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီထဲမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ရေးမြို့နယ်မှာ ကိုယ်စားလှယ်နေရာ အားလုံး အနိုင်ရရှိခဲ့တဲ့ မွန်ညီညွှတ်ရေးပါတီတွေပါ မဲဆွယ်ဆိုင်းဘုတ် ထောင်တာ မရှိသေးပါဘူး။

ထူးခြားမှုအနေနဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီရဲ့ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးအောင်ကတော့ သူနေအိမ်အရှေ့မှာ မဲဆွယ်ဆိုင်းဘုတ် ထောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုင်ငံရေးပါတီတွေ မဲမဆွယ်ရဲတာဟာ စစ်တပ်က လုံခြုံရေး မပေးနိုင်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတာကြောင့်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ရေးမြို့နယ် ခေါဇာဒေသမှာ စစ်ကော်မရှင် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.