ဝါရှင်တန်၊ ဒီဇင်ဘာ ၅
ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် ကွန်ဂိုပြည်ထောင်စုနဲ့ ရဝမ်ဒါ ခေါင်းဆောင်တို့ ဒီဇင်ဘာ ၄ ရက်က ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရဝမ်ဒါ သမ္မတ ပေါလ် ကာဂါမီနဲ့ ကွန်ဂို ပြည်ထောင်စု သမ္မတ ဖီးလစ် တီရှီဆီကီဒီတို့က ပြီးခဲ့တဲ့လမှာ သဘောတူညီခဲ့တဲ့ စီးပွားရေးပေါင်းစည်းရေး သဘောတူညီမှုအတွက် ကတိတွေကို အတည်ပြုခဲ့ကြပြီး ဇွန်လက အမေရိကန် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သူတို့နှစ်နိုင်ငံအနေနဲ့ အရေးကြီးတဲ့ သတ္တုဓာတ်များဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။
အဲဒီလက်မှတ်ရေးထိုးမှုက ထရန့်အနေနဲ့ ရုပ်သံမှာ ပြသဖို့အတွက် သံတမန်ရေး အောင်မြင်မှု နောက်ဆုံးအောင်ပွဲ တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဝါရှင်တန်က ကွန်ဂိုမှာ ရှိတဲ့ သဘာဝရင်းမြစ်တွေ အများကြီးကို ရယူလိုနေပြီး အရေးကြီးတဲ့ သတ္တုများဆိုင်ရာ ဈေးကွက်ကို တရုတ် ကြီးစိုးထားမှုအပေါ် တုံ့ပြန်ရေး အမေရိကန်က တကမ္ဘာလုံးလိုက်ပြီး အသည်းအသန် ကြိုးပမ်းနေပါတယ်။

ဆယ်စုနှစ် များစွာကြာဖြစ်ပွားနေတဲ့ စစ်ပွဲတစ်ပွဲကို ကျွန်တော်တို့ ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ သူတို့ အချင်းချင်း လူတွေ အများကြီး သတ်ဖြတ်ခဲ့ကြပြီး အခုတော့ သူတို့ လက်ဆွဲနှုတ်ဆက် ပွေဖက်နေကြပါပြီလို့ ထရန့်က ပြောပါတယ်။
အမေရိကန်သမ္မတ ရှေ့မှောက်မှာ အာဖရိက ခေါင်းဆောင်နှစ်ဦး စာရွက်စာတမ်းတွေ လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။
ခေါင်းဆောင်တွေ ဝါရှင်တန်မှာ လက်မှတ်ရေးထိုးနေချိန် ရဝမ်ဒါ ထောက်ခံတဲ့ M23 လက်နက်ကိုင်တွေနဲ့ ကွန်ဂိုစစ်တပ်တို့ တောင်ပိုင်း ကီဗူးပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အရပ်ဖက်ဒေသတွေ အများကြီးကို အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ M23 လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကွန်ဂိုအရှေ့ပိုင်းရှိ အကြီးဆုံး မြို့နှစ်မြို့ကို M23 လက်နက်ကိုင် အဖွဲ့က အခုနှစ် စောစောပိုင်းက သိမ်းပိုက်ခဲ့ပြီး စစ်ပွဲပိုမို ကျယ်ပြန့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ ပါတယ်။
အမေရိကန်ရဲ့ သံတမန်ရေး ကြားဝင် ညှိနှိုင်းမှုကြောင့် တိုက်ပွဲတွေတွေ အရှိန် ရပ်တန့်သွားခဲ့ပေမယ့် အဓိက ပြဿနာတွေကိုတော့ မဖြေရှင်းနိုင်ခဲ့ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
သဘောတူညီမှု လက်မှတ်ရေးထိုးတာက သက်ဆိုင်ရာအဖွဲ့ အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကတိပြုတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောပါတယ်။
ထရန့်ဟာ ဇန်နဝါရီက အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်ရောက်လာပြီး နောက်ပိုင်း အရှေ့အလယ်ပိုင်းကနေ ယူကရိန်းစစ်ပွဲအထိ အဲဒီထက် ကျော်လွန်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ကြိုးပမ်းနေပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် ပြဿနာအတွက် ကွာလာလမ်ပူမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးမှုကိုလည်း ထရန့်က ကြီးကြပ်ခဲ့ပါတယ်။
အဲဒီ ကြိုးပမ်းမှုတွေရဲ့ ရလဒ်တွေကတော့ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အကြာကြီး စောင့်စားခဲ့ရတဲ့ ဂါဇာ သဘောတူညီမှု ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ပြည်တွင်းမှာ နေထိုင်စားသောက်မှု စရိတ် ကြီးမြင့်နေမှုလို ပြဿနာမျိုးကို ပိုအာရုံစိုက်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ကွန်ဂိုနဲ့ ရဝမ်ဒါကြား ငြိမ်းချမ်းရေး သဘောတူညီမှုကြောင့် မြေပြင်မှာ လူသားချင်း စာနာထောက်ထားရေး ပြဿနာကို ပြောင်းလဲသွားစေမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
ကွန်ဂိုစစ်တပ်နဲ့ M23 လက်နက်ကိုင်တို့ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဒါကြောင့် နှစ်နိုင်ငံသမ္မတတွေ ဝါရှင်တန်သို့ လာရောက်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပေမယ့် မြေပြင်မှာတော့ အခြေအနေ သိသိသာသာ ပြောင်းလဲသွားဖို့ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
Ref:Reuters

