ဘန်ကောက်၊ ဒီဇင်ဘာ ၄

အခုလကုန်ပိုင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်း တစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းသိမ်းထားကြောင်း မြန်မာ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာက ဒီဇင်ဘာ ၃ ရက်မှာ ဖော်ပြပြီး ဒါဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦးကို တော်လှန်ရေး တပ်များက ပထမဆုံး ဖမ်ဆီးထိန်းသိမ်းမှု ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ လို့ခေါ်တဲ့ ကျားဖြူပါတီရဲ့ အသက် ၃၇ နှစ်အရွယ် ဦးဝေလင်းထက်ကို ဖမ်းဆီးထိန်းသိမ်းမှုက မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

စစ်ခေါင်းဆောင်တွေက ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန်မှာ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရဆီက စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မကွေးဒေသဟာ လက်နက်ကိုင်တော်လှန်ရေး အားအကောင်းဆုံး နေရာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေနိုင်တဲ့ အင်အားသုံးပြီး ဖြိုခွင်းမှုကြောင့် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သူ တော်တော်များများဟာ လက်နက်စွဲကိုင်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်လို့ ခေါ်တဲ့ PDF တပ်တွေ ဖွဲ့စည်းပြီး အခုအချိန်မှာ နိုင်ငံတဝှမ်း ဒေသများစွာက တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်နေကြပါတယ်။

ရွေးကောက်ပွဲဟာ စစ်တပ် အာဏာသိမ်းမှု တရားဝင် ဖြစ်စေဖို့ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုရှုတ်ချထားပြီး တော်လှန်ရေးတပ်တွေ အပါအဝင် အတိုက်အခံ အဖွဲ့အစည်းတွေ အများကြီးက ရွေးကောက်ပွဲ မကျင်းပနိုင်အောင် လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

နိုင်ငံရေးအရ ပါဝင်မှုကို ဖိနှိပ်ထားပြီး ခြိမ်းခြောက်မှုတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံး ပြောရေးဆိုခွင့်ရှိသူ ဂျရမီ လောရင့်စ်က နိုဝင်ဘာ ၂၈ ရက်မှာ သတိပေးထားပါတယ်။

ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ဟာ မကွေးတိုင်း ပခုက္ကူမြို့ရှိ သူ့ရဲ့ နေအိမ်မှာ မိသားစုနဲ့အတူ ရှိနေချိန် နိုဝင်ဘာ ၃၀ ရက်က ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးဟာ စစ်ကော်မရှင်ကို တိုက်ခိုက်နေတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ဖော်ထုတ်သိရှိထားတယ်လို့ ဆိုပါတယ်။

ဦးဝေလင်းထက်ကို ဖမ်းဆီးသွားတဲ့ PDF တပ်ဖွဲ့က အသေးစိတ် ဖော်ပြထားတာ မရှိသေးဘဲ အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား ကြေညာထားတာလည်း မရှိပါဘူး။

လွှတ်တော် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဖမ်းဆီးတာ ဖြစ်စေ သူ့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုကို တားဆီးတာ ဖြစ်စေ ထောင် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ အသစ်နဲ့ အဲဒီ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးပမ်းနေကြောင်း မြန်မာ့အလင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လက စတင် အသက်ဝင်လာခဲ့တဲ့ အဲဒီရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ရုပ်ရှင် ဒါရိုက်တာတွေ အပါအဝင် လူ ၁၀၀နီ းပါး ရှိတယ်လို့ Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။

ကျားဖြူပါတီ ဥက္ကဋ္ဌကတော့ အဲဒီ ကိုယ်စားလှယ်လောင်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုဖို့ ငြင်းဆိုထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.