ဘီးလင်း၊ ဒီဇင်ဘာ ၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ တစ်ပတ်အတွင်း တံတား နှစ်စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်း မိုင်တိုင် ၁၇ အနီးက ပေ ၁၂၀ ရှည် တံတားတစ်စင်း မိုင်းခွဲခံခဲ့ရတာပါ။
ဒါ့အပြင် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ရင်းအုံကျေးရွာအနီးက ပေ ၄၀ ကျော်အရှည်ရှိတဲ့ တံတားတစ်စင်း မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတာ ဖြစ်ပါတယ်။
တံတားနှစ်စင်း ပြိုကျပျက်စီးသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားမိုင်းခွဲခံရတာကြောင့် နတ်ကြီးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ ဘီးလင်းမြို့ပေါ်ကို ဒေသထွက်ကုန်တွေ ရောင်းချဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေ သွားလာဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒီတံတား မိုင်းခွဲကို စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ လုပ်ဆောင်တာလို့ စွပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့လကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်ဘက်က တပ်အင်အားတိုးချဲ့တာနဲ့ စစ်ကြောင်းထိုးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

